Eleven Media Group

လေးမျက်နှာမြို့နယ်အတွင်း ရေဝင်ရောက်မှုကို တားဆီးရန်အတွက် ငဝန်တာကျိုးသည့်နေရာအား Steel Sheet Pile ၇၈ ချောင်း ရိုက်သွင်းပြီး ကာရံခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်

လေးမျက်နှာမြို့နယ်အတွင်း ရေဝင်ရောက်မှုကို တားဆီးရန်အတွက် ငဝန်တာကျိုးသည့်နေရာအား Steel Sheet Pile ၇၈ ချောင်း ရိုက်သွင်းပြီး ကာရံခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ဩဂုတ် ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျနေသည့်နေရာတွင် Steel Sheet Pile ရိုက်၍ ကာရံခြင်းလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ငဝန်မြစ်ရေတက်၍ ရေစီးသန်မှုကြောင့် Pile များ၏ ကြံ့ခိုင်မှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းသို့ ရေများဝင်ရောက်နေခြင်းကို တားဆီးရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ Steel Sheet Pile ရိုက်ခြင်းကို သြဂုတ် ၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၇ ရက်အထိ Steel Sheet Pile ၇၈ ချောင်း ရိုက်သွင်းပြီးစီးခဲ့ကြောင်း၊ Steel Sheet Pile ရိုက်ခြင်း မစတင်မီ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း တိုင်းတာချက်များအရ တာကျော်ခဲ့သည့် အမြင့်ဆုံးမြစ်ရေသည် အနက် ၃၀ ပေရှိသဖြင့် Steel Sheet Pile ရိုက်ခြင်းကို ရေနက်သည့် နေရာများတွင် Sheet Pile အရှည် ၂၁ မီတာအထိ Pile များကိုဆက်၍ ရိုက်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်စဉ် သြဂုတ် ၁၄ ရက်မှစ၍ ငဝန်မြစ်ရေသည် ထူးကဲဒီရေအဖြစ် ရေအနက် ၃၁ ပေ ၆ လက်မအထိ မြင့်တက်လာခဲ့ပြီး ရေစီးအားကြောင့် ရိုက်သွင်းထားပြီးဖြစ်သော ရေလယ်ရှိ Steel Sheet Pile များသည် ကြံ့ခိုင်မှု အားနည်းလာခြင်းကြောင့် သံယက်မများဖြင့် ဒေါက်များ ထောက်၍ဆောင်ရွက်ခြင်း၊ ကုန်းမြေပေါ်ရှိ အမာခံသစ်ပင်ကြီးများမှ Steel ကြိုးများဖြင့်ချည်၍ ထိန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ငဝန်မြစ်ရေတိုး၍ ရေစီးကြောင်း ပြင်းထန်လာခြင်းကြောင့် Barge ရေယာဉ်ပေါ်တွင် Sheet Pile ဆက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ အဆိုပါဖြစ်စဉ်အား ကနဦးစစ်ဆေးခဲ့ရာ မူလခန့်မှန်းထားရှိသည့် ရေအနက်ထက် ပိုမိုလာ၍ ရေစီးအားနှင့် ရေထုထည် မြင့်မားလာခြင်းနှင့် Sheet Pile အောက်ခြေ၌ ဝဲကတော့များတိုက်စားပြီး ရေပိုနက်လာခြင်းတို့ကြောင့် Sheet Pile များ၏ အောက်ခြေသို့ ကျောက်ခြင်းများနှင့် သဲအိတ်များချခြင်းတို့ဖြင့် လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ကြံ့ခိုင်မှုအားနည်းသည့် Sheet Pile များအား စက်၊ယာဉ်/ယန္တရားများဖြင့် အမြန်ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင်ရွက်သွားကြရန်၊ ကျားကန်ခြင်း၊ သဲအိတ်များကို စက်၊ယာဉ်/ယန္တရားများကိုအသုံးပြု၍ ကာရံခြင်း၊ဒေါက်များနှင့်ဆောင်ရွက်ခြင်းတို့အပြင် Stand Pipe များကိုအသုံးပြု၍ ရေဝင်လမ်း ကြောင်းများကိုကာရံသွားရန်၊ အထောက်အကူပြုပစ္စည်းများ လုပ်ငန်းခွင်နေရာသို့ အမြန်ရောက်ရှိ နိုင်ရေးတာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်မှုအဆင့်တိုင်းတွင် အမှားအယွင်း မဖြစ်စေဘဲ စနစ်တကျ စီမံဆောင်ရွက်သွားရန်၊ အခက်အခဲများရှိပါက တင်ပြဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Sheet Pile များ၏ အောက်ခြေသို့ ကျောက်ခြင်းများနှင့် သဲအိတ်များချခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကြံ့ခိုင်မှုအားနည်းလာသည့် Steel Sheet Pile အား သံယက်မများဖြင့် ဒေါက်များ ထောက်၍ဆောင်ရွက်နေမှုများ၊ Barge ရေယာဉ်ပေါ်တွင် Sheet Pile ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား အသေးစိတ်အနီးကပ်လိုက်လံကြည့်ရှုခဲ့သည်။

မူရင်းသတင်း — Eleven Media Group