Eleven Media Group

မဂင်္လာဈေး တည်ဆောက်နေမှုကို စက်တင်ဘာလကုန်တွင် အပ်နှံရမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ပြီးပါက တစ်လအတွင်း မင်္ဂလာဈေးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်

ရန်ကုန်မြို့ မဂင်္လာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးအား တည်ဆောက်ခွင့် တင်ဒါအောင်မြင်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီက စက်တင်ဘာလကုန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အပ်နှံရမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်ပြီးပါက တစ်လအတွင်း မင်္ဂလာဈေးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ယနေ့ (ဩဂုတ် ၁၇ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် သုံးခွမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးလှဌေးက မဂင်္လာဈေးအား ဆောက်လုပ်သူက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ မည်သည့် ရက်၊ လ၊ နှစ်တွင် နောက်ဆုံးထား အပ်နှံမည်ကို သိရှိလိုပါကြောင်းနှင့် မည်သည့်ရက်၊ လ၊ ကာလအကြာ၌ မင်္ဂလာဈေးအား ဖွင့်လှစ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းမှုအပေါ် စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ထိုသို့ထည့်သွင်းဖြေကြားခြင်းဖြစ်သည်။

“မီးသင့်သွားခဲ့တဲ့ မင်္ဂလာဈေးကို ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက်ဖို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ တင်ဒါအောင်မြင်ခဲ့တဲ့ ဆန်းမြတ်ထွန်း Construction ကုမ္ပဏီလိမိတက်တို့ အကျိုးတူပူးပေါင်းပြီးတော့မှ တည်ဆောက်ခဲ့ရာမှာ ကုမ္ပဏီအနေနဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာလကုန် လာမယ့် ၉ လပိုင်း လကုန်မှာ အပြီးတည်ဆောက်ပြီးတော့မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို အပ်နှံမှာပဲဖြစ်ပါတယ်။ ကော်မတီအနေနဲ့လည်း လက်ရှိအနေအထားမှာ လွှဲပြောင်းလက်ခံရေးအဖွဲ့ဖြင့် စနစ်တကျ လက်ခံဆောင်ရွက်ပြီးတော့မှ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်" ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

လက်ရှိအနေအထားအရ မြေပြင်တွင် ဈေးဆိုင်ခန်းများအတွက် မြို့ပြဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရေပေးဝေရေးနှင့် မိလ္လာလုပ်ငန်းများ သီးသန့်ဆောင်ရွက်ပေးရန်နှင့် ဆိုင်ခန်းများအတွက် လျှပ်စစ်ပိုင်းဆိုင်ရာဖြစ်သည့် ထရန်စဖော်မာနှင့် ဂျင်နရေတာ အထိုင်ချတပ်ဆင်ခြင်း၊ ဓာတ်လှေကားတပ်ဆင်ခြင်းလုပ်ငန်းများ Level 8 အမိုးမိုးခြင်းလုပ်ငန်းများ အပါအဝင် မဂ်လာဈေးကြီး ဖွင့်လှစ်နိုင်ရေးအတွက် အရည်အသွေး ကောင်းမွန်စွာဖြင့် အမြန်ပြီးစီးနိုင်ရေး စဉ်ဆက်မပြတ် နေ့စဉ် တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီးက ပြောကြားသည်။

"လွှဲပြောင်းလက်ခံပြီးပါက မဂင်္လာဈေးသစ်ကြီးအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါတယ်" ဟု စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ထို့နောက် ဦးလှဌေးက မဂင်္လာဈေးဖွင့်လှစ်နိုင်မည့် အချိန်အတိအကျအား ဆက်စပ်မေးခွန်းအဖြစ် ဆက်လက်မေးမြန်းသည်။

အဆိုပါ ဆက်စပ်မေးခွန်းနှင့်ပတ်သက်၍ တင်ဒါအောင်မြင်ခဲ့သည့် ဆောက်လုပ်ရေးကုမ္ပဏီက စက်တင်ဘာလအကုန်တွင် အပ်နှံပြီးနောက် တစ်လအကြာ အောက်တိုဘာလကုန်တွင် မဂင်္လာဈေးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group