

ဩဂုတ် - ၁၈ (အင်္ဂါနေ့)
စင်ကာပူကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန (MTI) ရဲ့ ပြောကြားချက်အရ စင်ကာပူနဲ့ တရုတ်တို့က နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော နည်းလမ်းတွေမှာ ပူးပေါင်းအသုံးပြုဖို့အတွက် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
MTI နဲ့ တရုတ် အဏုမြူစွမ်းအင် အာဏာပိုင်အဖွဲ့ (CAEA) တို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ စင်ကာပူနဲ့ တရုတ် တို့ အကြား စွမ်းဆောင်ရည် မြှင့်တင်ရေး မိတ်ဖက်လုပ်ငန်းတွေကို အထောက်အကူပြုမှာဖြစ်ပြီး၊ နျူကလီးယားစွမ်းအင် အသုံးပြုနိုင်ခြေကို ဆန်းစစ်လေ့လာနိုင်ဖို့ စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းမှုတွေကိုလည်း အထောက်အပံ့ဖြစ်စေမယ်လို့ MTI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်ဟာ စင်ကာပူနိုင်ငံအနေနဲ့ အမေရိကန်၊ ပြင်သစ်၊ တောင်ကိုရီးယားတို့ အပါအဝင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လတ်တလော ပူးပေါင်းဆောင်ရွက်နေမှုတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ "ဒါဟာ နျူကလီးယားစွမ်းအင် အသုံးပြုနိုင်ခြေနဲ့ ပတ်သက်ပြီး နည်းပညာအရ ဘက်လိုက်မှုမရှိ ဆန်းစစ်လေ့လာနိုင်ဖို့ စင်ကာပူရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းမှုတွေကို အထောက်အကူပြုမှာ ဖြစ်ပါတယ်" ဟု ဆိုပါတယ်။
"ဒါ့အပြင် ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေဟာ ၂၀၂၇ ခုနှစ်မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ အဓိက နျူကလီးယား အခြေခံအဆောက်အအုံ ပြန်လည်သုံးသပ်ရေး (INIR) အဆင့် (၁) လုပ်ငန်းစဉ်အတွက် စင်ကာပူရဲ့ ပြင်ဆင်မှုတွေကိုလည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်" ဟု ဖော်ပြထားပါတယ်။
MTI ရဲ့ ပြောကြားချက်အရ နားလည်မှုစာချွန်လွှာ (MoU) အောက်မှာ ပါဝင်တဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး မိတ်ဖက်လုပ်ငန်းတွေရဲ့ အဓိက နယ်ပယ်တွေမှာ နျူကလီးယားဓာတ်ပေါင်းစပ် နည်းပညာတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ နည်းပညာဆိုင်ရာ ဆန်းစစ်ချက်များ၊ လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်သင်ကြားရေးနှင့် သိပ္ပံဆိုင်ရာ လေ့လာရေးခရီးစဉ်များ ပါဝင်ပါတယ်။
ဒါ့ပြင် ပြည်သူလူထုအား အသိပညာပေးခြင်း၊ သတင်းအချက်အလက် ဖြန့်ဝေခြင်းနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေး၊ စောင့်ကြည့်ကာကွယ်ရေးနှင့် လုံခြုံရေး၊ နျူကလီးယား နည်းပညာ အသုံးချမှုများ စသည့် နယ်ပယ်များကိုလည်း ပါဝင်လွှမ်းခြုံ သွားမှာဖြစ်ပါတယ်။
REF: The Star
#News #Myanmar