Myanmar National Post

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ နှလုံးသွေးကြောခွဲစိတ်ကုသမှုများ အောင်မြင်စွာဆောင်ရွက်


နေပြည်တော်၊ ဩဂုတ် ၁၈

United Kingdom (UK) နိုင်ငံ St Bartholomew's Hospital, Barts Heart Centre, နှလုံးသွေးလွှတ်ကြောခွဲစိတ်ကုသဌာနမှ နှလုံးနှင့် သွေးကြောခွဲစိတ်အထူးကု ပါမောက္ခ ဒေါက်တာအောင်ရဲဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့်သွေးကြော ခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော်၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများနှင့် တွဲဖက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦး၏ နှလုံးသွေးလွှတ်ကြောမပေါက်ပြဲသည့် ရောဂါ (Acute aortic dissection from aortic arch to both iliac arteries) အား ဩဂုတ် ၁၃ ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြောခွဲစိတ်ကုသဌာန၌ အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း၊ လူနာကို အထူးကြပ်မတ်ကုသမှုဌာနတွင် လိုအပ်သော ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသဌာနတွင် မွေးရာပါနှလုံးရောဂါများ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅ ခုနှစ်အတွင်း Major Operation ခွဲစိတ်ကုသမှု ၂၃၅ ခုနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ၁၃၅ ခု ဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါ ခွဲစိတ်ကုသမှုတွင် ပါဝင်ဆောင်ရွက်သည့် UK နိုင်ငံမှ ပါမောက္ခဒေါက်တာ အောင်ရဲဦးသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှစတင်၍ ယခုအထိ မြန်မာနိုင်ငံ၏ နှလုံးနှင့် သွေးကြောရောဂါ ခွဲစိတ်ကုသမှုတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာလအလွန် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ ကိုးကြိမ်လာရောက်ခဲ့ပြီး ပူးပေါင်းခွဲစိတ်ကုသမှု ၃၈ ခု ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှုဆိုင်ရာမျိုးဆက်သစ်များ မွေးထုတ်နိုင်ရေးအတွက် ဆေးပညာသင်ကြားရေးအစီအစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post