
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၆)ကို ဩဂုတ် ၁၃ ရက်မှ ၁၇ ရက်အထိ သုံးရက်ကြာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၂၈,၉၁၇.၅၇၇ သန်းအား လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
အထူးအစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အစည်းအဝေးပထမနေ့ (သြဂုတ် ၁၄ ရက်နေ့)တွင် အဆိုပါ ဘဏ္ဍာရေးဆိုင်ရာ တင်ပြချက်ကို စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥပဒေကြမ်းနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အစည်းအဝေး ဒုတိယနေ့ သြဂုတ်(၁၅)ရက်တွင် ပူးပေါင်းကော်မတီက ဘဏ္ဍာရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ဖြည့်စွက်ခွင့်ပြုငွေနှင့် ပြုပြင်ပြီးခန့်မှန်း ခြေငွေစာရင်း လျာထားချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အထူးအစည်းအဝေး တတိယနေ့ (သြဂုတ် ၁၇ ရက်နေ့) တွင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းက ကော်မတီ၏ သုံးသပ်ချက်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံခြင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်တို့အား အတည်ပြုပေးပါရန်တင်ပြခဲ့ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ၊ သာမန်အသုံး စရိတ် ကျပ် ၄,၇၂၀.၈၇၃ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် ကျပ် ၂၄,၁၉၆.၇၀၄ သန်း၊ စုစုပေါင်း ကျပ် ၂၈,၉၁၇.၅၇၇ သန်းကို လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထူးအစည်းအဝေး သုံးရက်တာကာလအတွင်း တင်သွင်းချက်များ၊ အစီရင်ခံစာများ၊ ဆွေးနွေးချက်များ၊ အစိုးရအဖွဲ့၏ ပြန်လည်ရှင်းလင်းချက်များနှင့် လွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်များကို မှတ်တမ်း တင်ထားရှိခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ကျပ် ၂၈,၉၁၇.၅၇၇ သန်းကို အတည်ပြုခဲ့ပြီးနောက် လွှတ်တော်က မှတ်တမ်းတင်ခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောခြင်းတို့ဖြင့် သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် အထူးအစည်းအဝေး ပြီးဆုံးခဲ့ကြောင်း သိရသည်။
ဖြည့်စွက်ခွင့်ပြုငွေအတည်ပြုသည့် အထူးအစည်း တတိယနေ့သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇၃)ဦး၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ စာရင်းအင်းပညာရှင်၊ စီးပွားရေးပညာရှင်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးနှင့် လေ့လာသူ အဖြစ်သတင်းနှင့်မီဒီယာ(၆)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။