
ခင်ပွန်းဖြစ်သူက ဓာတ်ဆီလောင်းဆေးလိပ်တိုဖြင့်ပစ်ခြင်း၊ ပလတ်စတစ်ဖြင့်မီးရှို့ကာ ထပ်မံပစ်ပေါက်ခြင်း တို့ကြောင့် ဇနီးဖြစ်သူ မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် သြဂုတ် ၁၂ ရက် ည ၉ နာရီခန့်က အမျိုးသားဖြစ်သူ ကိုနိုင်လင်း၂ရနှစ်သည် အရက်သောက်ပြီး ဇနီးဖြစ်သူ မစုသီရိအောင်၂၈ နှစ် နှင့် စကားများရန်ဖြစ်ရာမှ ဓါတ်ဆီလောင်းကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရန်ဖြစ်ပြီး ဇနီးဖြစ်သူအိမ်သာသွားနေစဉ် ခင်ပွန်းဖြစ်သူသည် ဆိုင်ကယ်ထဲမှ ဓါတ်ဆီထုတ်ယူခဲ့ပြီး ဇနီးအား ဓါတ်ဆီဖြင့်ပက်ကာ ၎င်းသောက်လက်စ မီးညှိထားသည့် ဆေးလိပ်ဖြင့် ပစ်ပေါက်ခဲ့သော်လည်း မီးမလောင်ခဲ့ ကြောင်း၊ ထို့ကြောင့် အရက်သောက်ရာတွင် အမြည်းထည့်သည့် ပလတ်စတစ်အိတ်ခွံအား မီးရှို့ပြီး ထပ်မံ ပစ်ပေါက်ခဲ့ရာ မီးလောင်သွားခဲ့ကြောင်း သိရသည်။
မီးလောင်ပြီးနောက် ခင်ပွန်းဖြစ်သူမှ သောက်ရေအိုးစင်မှ ရေများလောင်းချကာ ငြှိမ်းခဲ့သဖြင့် မီးငြိမ်းခဲ့သော် လည်း ဇနီးဖြစ်သူမှာ လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ဘယ်ညာလက်နှစ်ဘက်လုံး၊ ညာဘက်ပေါင်၊ မိန်းမ ကိုယ်တို့တွင် အရေပြားတွန့်လိပ် ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံမှတဆင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူခဲ့ရာ သြဂုတ် ၁၆ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓါတ်ဆီလောင်းမီးရှို့သူ ကိုနိုင်လင်းအား ပုဒ်မ ၃၀၂ ဖြင့် မိတ္ထီလာမြို့နယ်၊ အမှတ်(၃)နယ်မြေရဲ စခန်းတွင် အမှုဖွင့်ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထပ်မံသိရသည်။