Eleven Media Group

ဒေါပုံမြို့နယ်တွင် ရှစ်နှစ်အရွယ်ကလေးငယ်ကို စိတ်ကစဉ့်ကလျားဖြစ်နေသူတစ်ဦးက ဓားဖြင့်ထိုးသဖြင့် ကလေးငယ်သေဆုံး

ဒေါပုံမြို့နယ်တွင် ရှစ်နှစ်အရွယ်ကလေးငယ်ကို စိတ်ကစဉ့်ကလျားဖြစ်နေသူတစ်ဦးက ဓားဖြင့်ထိုးသဖြင့် ကလေးငယ်သေဆုံးမှု သြဂုတ် ၁၈ ရက်၊ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ရာသို့ သွားရောက်ကူညီ ကယ်ဆယ်ရေးပြုလုပ်ခဲ့သည့် ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းထံမှ သိရသည်။

သြဂုတ် ၁၈ ရက်၊ နံနက် ၈ နာရီကျော်ခန့်တွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်နေ အသက်ရှစ်နှစ်အရွယ် ကလေးငယ်သည် နေအိမ်၌ ကျောင်းသွားရန် ပြင်ဆင်နေစဉ် တစ်တိုက်ထဲနေသူမှ ဓားဖြင့် ထိုးသွား ခဲ့ခြင်းဖြစ်ကြောင်း ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းထံမှ သိရသည်။

"ပတ်ဝန်းကျင်က ဖုန်းဆက်လို့ သွားရောက်ခဲ့တာပါ။ အသက်ရှစ်နှစ်အရွယ်လေးပါ။ ဓားထိုးခံရပြီး သေဆုံးသွားတာပါ။ ကျောင်းသွားဖို့ စာအုပ်တွေထည့်ပြီး ပြင်ဆင်နေတဲ့အချိန်ဖြစ်တာပါ" ဟု ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အသက်ရှစ်နှစ်အရွယ်ကလေးငယ်အား ဓားဖြင့်ထိုးသူမှာ တစ်တိုက်ထဲနေသူဖြစ်ပြီး စိတ်ကစဉ့်ကလျား ဖြစ်နေသူဖြစ်ကြောင်း ကနဦး သိရသည်။

အသက်ရှစ်နှစ်အရွယ် ကလေးငယ်၏ အဘွားဖြစ်သူမှာလည်း ဝင်ရောက်ဟန့်တားရင်း ထိခိုက်ဒဏ်ရာများ ရရှိိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကိုပူတူးနှင့်ဘော်ဒါများ လူမှုကူညီရေးအသင်း

မူရင်းသတင်း — Eleven Media Group