Eleven Media Group

■နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့(သြဂုတ် ၁၈ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုခဲ့သည်။

ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မော်စကိုမြို့ရှိ အညတရ စစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ၍ အလေးပြုခဲ့ခြင်း ဖြစ်သည်။

မော်စကိုမြို့ရှိ အညတရစစ်သည် ဂူဗိမာန်သို့ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ အညတရစစ်သည်ဗိမာန်သို့ ရောက်ရှိလာရာ ရှရှားနိုင်ငံ အစိုးရမှ တာဝန်ရှိသူများနှင့် မော်စကိုမြို့ စစ်ဘက်ဆိုင်ရာအကြီးအကဲတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ရှေ့ဆောင်စစ်သည်နှစ်ဦးမှ ဦးဆောင်၍ လွမ်းသူပန်းခွေအား သယ်ဆောင်ပြီး နိုင်ငံတော်သမ္မတ က အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချ၍ ကျဆုံးလေပြီးသော သူရဲကောင်းများအား ရည်စူး၍ (၁)မိနစ် ငြိမ်သက်ဂုဏ်ပြု အလေးပြုကြသည်။

ထိုသို့လွမ်းသူပန်းခွေချ အလေးပြုပြီးချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအား တီးမှုတ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူပြီး တာဝန်ရှိသူများကို နှုတ်ဆက်ခဲ့သည်။

ထိုသို့ နှုတ်ဆက်စဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က မြန်မာတပ်မတော် စစ်သီးချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group