








နေပြည်တော်၊ ဩဂုတ် ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ဝန်ကြီးချုပ် H.E. Mikhail Vladimirovich Mishustim နှင့် ရုရှားအစိုးရအဖွဲ့အိမ်တော်အစည်းအဝေးခန်း၌ တွေ့ဆုံ ဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲပြုလုပ်မည့် ရုရှားအစိုးရအဖွဲ့ရုံးသို့ ရောက်ရှိလာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး တွေ့ဆုံပွဲကိုကျင်းပပြုလုပ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များ အဖြစ် လိုက်ပါသွားသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ မြန်မာအာကာသ အေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အတူ ရုရှား အစိုးရအဖွဲ့မှဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က ယခုကဲ့သို့ ရုရှား နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့သည့်အတွက် ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အာရှ၊ အရှေ့တောင်အာရှနှင့် အာရှပစိဖိတ် ဒေသအတွက် အရေးပါသည့် မိတ်ဖက်မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုမြှင့် တင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဦးစွာပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အဆွေတော်ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံ ဆွေးနွေးရသည့်အတွက်အထူးပင် ဝမ်းမြောက်မိကြောင်း၊ မိမိအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၁၄ ကြိမ်မြောက် လာရောက်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ရုရှားနိုင်ငံသို့ ပထမဆုံးနိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပါကြောင်း၊ ယခု တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် နယ်ပယ်စုံ၊ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိပြီး ရှည်လျားကောင်းမွန်သည့် သံတမန်ဆက်ဆံမှုများ ရှိကာ အစဉ်အလာအရ ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားတန်ဖိုးထားမှုများကို ခိုင်မာစွာဖော်ညွှန်း ပြသလျက်ရှိမှု၊ နိုင်ငံတကာမျက်နှာတွင် ရုရှား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအကျိုးအတွက် ခိုင်ခိုင်မာမာ ထောက်ခံ ရပ်တည်ပေးလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဒေသတွင်း နိုင်ငံများနှင့် အာဆီယံအပါအဝင် နိုင်ငံတကာနှင့် သံတမန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံဗဟိုအစိုးရများ၏ ကောင်းမွန်သော ဆက်ဆံရေးသာမက ရုရှားနိုင်ငံ ဖက်ဒရယ်ပြည်နယ်များနှင့်လည်း ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည် ဆောက်လာနိုင်ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍများ ပိုမိုတိုးတက် ဆောင်ရွက်လာနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဒီဂျစ်တယ်နည်းပညာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဘာသာရေးနှင့်ယဉ်ကျေးမှုကဏ္ဍ၊ ပင်လယ်ရေကြောင်းနှင့် အားကစားကဏ္ဍ၊ စိုက်ပျိုးရေးနှင့် ပို့ဆောင်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ မွေးမြူရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ။
အာကာသ အာကာသ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာတတ်လူသား အရင်း အမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာတော်သင်များ စေလွှတ်ရေး အပါအဝင် ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအစိုးရတို့အကြား “ငြိမ်းချမ်း သော ရည်ရွယ်ချက်များအတွက် ပြင်ပအာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုမှု နယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ သဘောတူညီချက်” ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဂြိုဟ်တုနှင့်အာကာသ သိပ္ပံနည်းပညာဆိုင်ရာများ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာအာကာသယာဉ်မှူးများ ခရီးစဉ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း ရွေးချယ်လေ့ကျင့်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ဂြိုဟ်တုနှင့် နည်းပညာများကို စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအပါအဝင် အခြားလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် အသုံးချနိုင်ရန်အတွက် မြန်မာအာကာသ အေဂျင်စီက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရှိ အာကာသ အေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိမှု၊ အသေးစားနျူကလီး ယားလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုအပါအဝင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင် ထုတ်လုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင် ဆောင်ရွက် သွားမည့် အခြေအနေများ၊ ပင်လယ်ရေ ကြောင်းပို့ဆောင်ရေးနှင့် ရေထွက် ပစ္စည်းများ ယခုထက်ပိုမိုတင်ပို့နိုင်ရေးအပါအဝင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေ အနေများကို ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်က ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။
#News #Myanmar