
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၏မြို့တော် ကာလကတ္တားမြို့ရှိ ဟိုတယ်တစ်ခုတွင် ဩဂုတ် ၁၉ ရက် နံနက်အစောပိုင်းက မီးလောင်ခဲ့ရာ အနည်းဆုံး လူကိုးဦး သေဆုံးပြီး ဒဏ်ရာရသူ ခြောက်ဦးရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကာလကတ္တားမြို့လယ်ရှိ အနောက်ဘင်္ဂလား မီးသတ်ဌာနချုပ်အနီး ဟိုတယ်တစ်ခုတွင် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်က မီးစတင်လောင်ခဲ့ကာ အဆောက်အအုံအတွင်း မီးခိုးများ ဖုံးလွှမ်းနေသဖြင့် အပေါ်ထပ်များရှိ ပိတ်မိနေသူများထံ ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိရန် ခက်ခဲခဲ့သည်။ လက်ရှိ သေဆုံးသူ ကိုးဦးဟု အတည်ပြုထားကာ အရေအတွက်မြင့်တက်လာနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
လျှပ်စစ်စနစ် ချို့ယွင်းမှုများ ၊ ဓာတ်ငွေ့အိုးပေါက်ကွဲမှုများနှင့် ဆက်စပ်သည့် မီးလောင်မှုများ အိန္ဒိယတွင် မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အသေအပျောက်လည်းများသည်။ ဩဂုတ် ၁၇ ရက်ကလည်း အနောက်ဘင်္ဂလားပြည်နယ်ရှိ ဟိုတယ်တစ်ခုတွင် မီးလောင်ခဲ့ရာ အနည်းဆုံး ခုနစ်ဦး သေဆုံးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် အနောက်ပိုင်း ဂိုအာပြည်နယ်ရှိ နာမည်ကြီးနိုက်ကလပ်တစ်ခုတွင် မီးလောင်ခဲ့ရာ ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
Ref: AP
Photo: Reuters/ AFP / AP