
နေပြည်တော်၊ ဩဂုတ် ၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒလျန်မြို့၌ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကောက်ခွန်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (APEC Customs Business Dialogue) ကို ဩဂုတ် ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ အကောက်ခွန်ဌာနများအကြား အကောက်ခွန်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်အကူအညီပေးရေးနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဦးစွာ ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ ဝန်ကြီး H. E. SUN Meijun က အမှာစကားပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး Mr. Zhang Baofeng က သဘာပတိအဖြစ်ဆောင်ရွက်၍ ဆွေးနွေးပွဲ ပထမနေ့နံနက်ပိုင်းတွင် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုမြှင့်တင်ရေး၊ ခေတ်မီအကောက်ခွန်ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံမှုတည်ဆောက်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ အစားအသောက်ဘေးကင်းလုံခြုံမှုနှင့် ထောက်ပံ့ပို့ဆောင်မှု၊ ကွင်းဆက်ချိတ်ဆက်မှုခိုင်မာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် အဖွဲ့သည် တရုတ်အကောက်ခွန်မှ ဒုတိယဝန်ကြီးနှင့် အဖွဲ့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံနည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စွမ်းဆောင်ရည်ပျိုးထောင်တည်ဆောက်မှုတိုးမြှင့်ရေး၊ မြန်မာ-တရုတ် နယ်စပ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် အာရှ-ပစိဖိတ်ဒေသတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည့် AI နည်းပညာနှင့် ဒီဂျစ်တယ်စနစ်ပြောင်းလဲခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ၏ တည်ငြိမ်မှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် ကြိုတင်ခန့်မှန်းနိုင်စွမ်းတို့ကို မြှင့်တင်ခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ APEC အဖွဲ့ ဝင်နိုင်ငံများမှ အကောက်ခွန်၊ ဘဏ္ဍာရေး၊ စိုက်ပျိုးရေးကဏ္ဍများမှ အစိုးရအရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ပညာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြကြောင်း သတင်းရရှိသည်။
#News #Myanmar