Myanmar National Post

ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိ












နေပြည်တော်၊ ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ မှ ၁၁/၆ + ၃၀၀ နေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ယနေ့ နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

မြစ်ကမ်းပါးရေတိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အချိန်နှင့် တစ်ပြေးညီ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာကိုယ်ထည် တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့် နေရာ၏ အနောက်ဘက် ပေ (၂၀၀) ခန့် အကွာတွင် အလျား(၇၀၀)ပေ၊ အမြင့် (၁၀) ပေ ယာယီတာပတ်ခြင်း (Ring Bund) လုပ်ငန်းများကိုစက်ယန္တရားများ အသုံးပြု၍ ဆောင်ရွက်ခြင်း၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ သဲအိတ်ဆင့်ခြင်းများ၊ တာထောက် ခြင်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်ပွားသည့် နေရာတွင် ရေအရင်းမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးရေးဦးစီးဌာနမှလည်း ဩဂုတ်လ ၂၀ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် နိုင်လွန် ပိုက်နှင့် ရေရှိန်သတ်နုန်းဖမ်းခြင်းလုပ်ငန်း (၄) ခုကို ဆောင်ရွက်ခဲ့သော်လည်း ရေတိုက် စား၍ မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ မြစ်ကမ်းပါးရေတိုက်စားမှုဖြစ်စဉ် ဖြစ်ပွားသည့်နေရာအနီးရှိ ချောင်းကြီး၊ ဂန်ချောင်း၊ မာယူနှင့် ထုံးဝ စသည့် ကျေးရွာများ ကိုလည်း ရေဘေးလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး အကြောင်းကြား ထားပြီး တာပတ်ခြင်း လုပ်ငန်းဆောင်ရွက်သည့်နေရာအနီးရှိ လူနေအိမ်များကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး လိုအပ်သည်များကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။


#Myanmar #News

မူရင်းသတင်း — Myanmar National Post