Myanmar National Post

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်









နေပြည်တော်၊ စက်တင်ဘာ ၄

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက်အလေး ထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက်သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့်နယ်မြေများအား အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင် ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်ဝမ်းသာ အားရကြိုဆို ထောက်ခံ လျက်ရှိကြပြီး စိတ်အားထက်သန်စွာအားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

ထိုသို့ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိရာ PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့ကြပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်း ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေ များနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့် အတူပါရှိလာသည့် အမ်-၁၆ သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ၉ မမပစ္စတို သေနတ် ၄ လက်၊ ပွိုင့်-၃၈ ပစ္စတို သေနတ် ၁ လက်၊ လက်လုပ်ပစ္စတို သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ လမ်းလျှောက်စကားပြောစက် ၃ လုံး၊ ကျည်အိမ် ၆ ခုနှင့် ကျည်မျိုးစုံ ၆၆ တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူ သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် ၃ လက် အတွက် ငွေကျပ် သိန်း ၁၅၀ ၊ လက်လုပ်သေနတ် ၁ လက်အတွက် ငွေကျပ် ၅ သိန်း၊ ပစ္စတိုသေနတ် ၅ လက်အတွက် ငွေကျပ်သိန်း ၁၀၀ ၊ လက်ပစ်ဗုံး ၄ လုံး အတွက် ငွေကျပ် ၁၂ သိန်း၊ လမ်းလျှောက်စကားပြောစက် ၃ လုံးအတွက် ငွေကျပ် ၆ သိန်း၊ စုစုပေါင်း ငွေကျပ် ၂၇၃ သိန်းနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၁၇ ဦးအတွက် ဆုကြေး ငွေများနှင့် လက်ဆောင်ပစ္စည်းများအား ပေးအပ်ရာ ဥပဒေဘောင်အတွင်းဝင်ရောက် လာကြသူများက လက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြ သူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြရာ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှု အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ အမျိုးသား ၁ ဦး၊ ရန်ကုန် တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှ အမျိုးသမီး ၁ ဦး၊ မှော်ဘီမြို့နယ်မှ အမျိုးသား ၁ ဦး၊ လှိုင်သာယာမြို့နယ်မှ အမျိုးသား ၁ ဦး၊ မိချောင်းအိုင်ရွာသစ်မှ အမျိုးသား ၁ ဦး၊ မြောက်ဒဂုံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကျောက်တန်းမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှ အမျိုးသား ၁ ဦး၊ ဝေါမြို့နယ်မှ အမျိုးသား ၁ ဦး၊ သနပ်ပင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှ အမျိုးသား ၁ ဦး၊ မြဝတီမြို့နယ်မှ အမျိုးသား ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နယ်မှ အမျိုးသား ၁ ဦးနှင့် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှ အမျိုးသား ၂ ဦး၊ စုစုပေါင်း (၁၇)ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများ များစွာကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post