

နေပြည်တော်၊ စက်တင်ဘာ ၄
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ဝန်းအတွင်းရှိ အရာရှိများအား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝန်းအတွင်းရှိ ရုံး/ဌာန အသီးသီးမှ အရာရှိများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် အရာရှိများအား တွေ့ဆုံရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
သမိုင်းကြောင်းအရ မိမိတို့နိုင်ငံအား အင်အားကြီးနယ်ချဲ့အင်္ဂလိပ်တို့က မတရားကျူးကျော်စစ်များဆင်နွှဲပြီး သိမ်းပိုက်ခဲ့သောကြောင့် တပ်မတော်နှင့်ပြည်သူ အတူတကွပူးပေါင်း၍ အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး လွတ်လပ်ရေးရရှိအောင် ပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် ပထဝီအနေအထားအရ အချက်အခြာကျသည့်နေရာတွင် တည်ရှိပြီး နိုင်ငံရေးစနစ်အရ မတူကွဲပြားသည့် အင်အားကြီးနှစ်နိုင်ငံအကြားတွင် တည်ရှိပြီး မဟာဗျူဟာအရ အရေးပါသည့်အတွက် မိမိတို့နိုင်ငံအား ဩဇာလွှမ်းမိုးလိုသည့် နိုင်ငံများရှိကြောင်း။
လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ လက်နက်ကိုင်သောင်းကျန်းသူများသည် လူမျိုးရေး၊ အယူဝါဒရေး စသည်ဖြင့် နည်းလမ်းမျိုးစုံအကြောင်းပြပြီး နိုင်ငံတော်ပြိုကွဲစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြကြောင်း၊ ထိုသို့ လုပ်ဆောင်ခဲ့မှုများကို မိမိတို့ တပ်မတော်သားများအနေဖြင့် အခက်အခဲမျိုးစုံကြားမှ အသက်ကိုပဓာနမထားဘဲ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြကြောင်း၊ လက်ရှိကာလတွင်လည်း မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် တပ်မတော်သည် အင်အားတောင့်တင်း ခိုင်မာနေရန်လိုကြောင်း၊ တပ်မတော်အင်အားတောင့်တင်းခိုင်မာစေရန် တပ်မတော်သားတစ်ဦးချင်းစီက မိမိတို့တတ်ကျွမ်းသည့်နယ်ပယ်အလိုက် ကျွမ်းကျင်နေရန် လိုအပ်သကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်၍ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းနေရန်လိုကြောင်း။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း ရုံး/ဌာနအသီးသီး၌ တာဝန် ထမ်းဆောင်လျက်ရှိသော အရာရှိများသည် စိတ်ဓာတ်စည်းကမ်းအရာ၌သော်လည်းကောင်း၊ အရည်အချင်းများအရသော်လည်းကောင်း၊ ပြစ်မှုကင်းရှင်းပြီး စံပြဖြစ်သူများကိုသာ ရွေးချယ်တာဝန် ပေးအပ်ထားသူများဖြစ်ကြောင်း၊ ထို့ကြောင့် အရာရှိများအနေဖြင့် မိမိကိုယ်ကို တန်ဖိုးထားပြီး ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ရန်လိုကြောင်း။
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသူများပီပီ စစ်စည်းကမ်းအရာတွင် စံနမူနာပြဖြစ်ရန်လိုပြီး တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိခိုက်စေသည့် ငွေကြေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ မူးယစ်ဆေးဝါးမှု၊ ကိုယ်ကျင့်တရားဖောက်ဖျက်မှု တို့ကင်းရှင်းရန်လိုကြောင်း၊ မိမိ၏ပေါ့ဆမှုကြောင့် သတင်းအချက်အလက် လုံခြုံရေးကျိုးပေါက်မှုမဖြစ်ရန် ဂရုပြုထိန်းသိမ်းရန်လိုကြောင်းနှင့် သတင်းလုံခြုံရေး ကျိုးပေါက်မှု စသည့်ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုများကြောင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ သို့ဖြစ်၍ အရာရှိများအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာစောင့်ထိန်းကြရန်နှင့် သစ္စာ (၄) ချက်ကို နေ့စဉ်ရွတ်ဆိုနေသည့် တပ်မတော်သားများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိရန်နှင့် နိုင်ငံချစ်စိတ်၊ တပ်မတော် ချစ်စိတ်များ ထားရှိမွေးမြူကြရန်လိုကြောင်း၊ ထို့ပြင် မိမိရုံးဌာနများရှိ လုပ်ဖော်ကိုင်ဖက်များကိုလည်း အသိပညာပြန့်ပွားရေး ဆက်လက်ပြောကြားပေးကြရမည်ဖြစ်ကြောင်း။
တပ်မတော်အရာရှိများဖြစ်သည်နှင့်အညီ ကိုယ်ကျင့်တရားကောင်းမွန်အောင် နေထိုင်ကျင့်ကြံသွားဖို့လိုကြောင်း၊ မိမိကိုယ်တိုင်လည်း ကိုယ်ကျင့်တရားကောင်းမွန်ရန်လိုအပ်သလို မိမိလက်အောက်ကိုလည်း ကိုယ်ကျင့်တရားကောင်းမွန်သူများဖြစ်အောင် ထိန်းသိမ်းကြပ်မတ်သွားရန်လိုကြောင်း၊ သို့မှသာ မိမိတာဝန်ယူရသည့် အဖွဲ့အစည်းကို တော်တည့်မှန်ကန်စွာ ကွပ်ကဲအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များအပေါ် ညီအစ်ကို မောင်နှမစိတ်ဓာတ်များဖြင့် စောင့်ရှောက်ကာကွယ်ကြရန်လိုကြောင်း၊ ကိုယ်ကျင့်တရားပျက်ပြားပါက တပ်တွင်းစည်းလုံးညီညွတ်ရေးကို ထိခိုက်စေမည်ဖြစ်သည့်အတွက် တပ်မတော်သားများအနေဖြင့် စစ်သည်ကောင်းတစ်ယောက်ပီသစွာ ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် မိမိတပ်ဖွဲ့၊ ဌာန၊ တပ်မတော်၏ဂုဏ်ကို ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း။
နိုင်ငံတော်အကြီးအကဲ၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့် (၄) သင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့် (၄) သင့်ဆိုသည်မှာ သွားသင့်သည့် နေရာကိုသွားရန်၊ ပြောဆိုသင့်သည့် စကားကိုသာပြောဆိုရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပေါင်းသင်းသည့်သူကိုသာ ပေါင်းသင်းသွားရန်တို့ပင်ဖြစ်ကြောင်း။
အရာရှိများအနေဖြင့်လည်း အနာဂတ်တွင် တပ်မတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ခေါင်းဆောင်များဖြစ်သည့်အတွက် မိမိကိုယ်ကို တန်ဖိုး ထားလေးစားတတ်ပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်နေစေရန်၊ အရည်အချင်း ပြည့်ဝ နေစေရန်လိုအပ်မည်ဖြစ်သောကြောင့် နေ့စဉ်လူနေမှုဘဝများကိုလည်း စည်းကမ်းစနစ်တကျဖြင့် ကျင့်ကြံနေထိုင်သွားကြရန်လိုကြောင်း။
တပ်မတော်သားများဖြစ်သည့်အတွက် ကျန်းမာကြံ့ခိုင်ရန် အလွန်အရေးကြီးကြောင်း၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်နေရန် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်နေရမည်ဖြစ်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ကြရမည်ဖြစ်ကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်မှသာ နေ့စဉ်ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
တပ်မတော်အရာရှိများဖြစ်သည်နှင့်အညီ နိုင်ငံ၏သမိုင်းကြောင်း၊ ပထဝီဝင်အနေအထား၊ တပ်မတော်၏သမိုင်းကြောင်းများကို သိရှိအောင် စာအုပ်စာစောင်များကို ဖတ်မှတ်လေ့လာမှတ်သားပြီး ဗဟုသုတဖြည့်ဆည်းရန်လိုကြောင်း၊ ထို့ပြင် မိမိတို့၏ Professional လုပ်ငန်းတာဝန်များနှင့်ပတ်သက်သည့် စာအုပ်စာပေများကိုလည်း ဖတ်ရှုလေ့လာနေရန်လိုသကဲ့သို့ မိမိအတွက် အကျိုးဖြစ်စေမည့် စာအုပ်စာစောင်များကိုလည်း အားလပ်သည့်အချိန်များတွင် ဖတ်ရှုလေ့လာခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လေ့လာဖတ်ရှုမှုများကို အမြဲမပြတ်ဆောင်ရွက်နေမည်ဆိုပါက လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ပြီး မိမိတို့ဖတ်မှတ်ထားသည်များကို လက်တွေ့ အသုံးချခြင်းနှင့် ဝေမျှခြင်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ လေ့လာဖတ်ရှုခြင်း၊ မှတ်သားခြင်း၊ ဆွေးနွေးခြင်း၊ အသုံးချခြင်းများမှတစ်ဆင့် အသိပညာများ ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ အကျိုးအပြစ်များကို ဆင်ခြင်နိုင်ပြီး နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူလူထုအတွက် အားထားရမည့်သူများ ဖြစ်လာမည်ဖြစ်ကြောင်း။
နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် တပ်မတော်အရာရှိများဖြစ်ရန်အတွက် မှန်ကန်သောယုံကြည်ချက်၊ ခံယူချက်များရှိရန်လိုကြောင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ယူပြီး အမှန်တရားကို ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ပညာများ တိုးပွားလာအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စွန့်လွှတ်စွန့်စားသည့် စိတ်များဖြင့် တပ်မတော်၏ဂုဏ်ကို စောင့်ထိန်းကာကွယ်ကြရန်လိုကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိများသည် အနာဂတ်တွင် နိုင်ငံတော်နှင့် တပ်မတော်အတွက်များစွာ အထောက်အကူဖြစ်စေမည့် ခေါင်းဆောင်များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် တက်ရောက်လာကြသည့် အရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar