Eleven Media Group

ရန်ကင်းမြို့နယ် အုတ်စီကန်(သဘာဝရေကန်)တွင် အမျိုးသား နှစ်ဦး ရေနစ်သေဆုံး

ရန်ကင်းမြို့နယ် အုတ်စီကန်(သဘာဝရေကန်)တွင် ယနေ့(စက်တင်ဘာ ၂၁ ရက်) ညနေပိုင်းက အမျိုးသား နှစ်ဦး ရေနစ်သေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီ ၁၈ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၁)ရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ အုတ်စီကန်(သဘာဝရေကန်)တွင် အမျိုးသား နှစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ညနေ ၄ နာရီ ၃၆ မိနစ်တွင် ရေနစ်သေဆုံးသူ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး မိုးစေတနာပရဟိတအသင်းယာဉ်ဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ကျန်အမျိုးသားတစ်ဦး ရုပ်အလောင်းအား ညနေ ၅ နာရီ ၃၁ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး မြတ်မေတ္တာလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

မူရင်းသတင်း — Eleven Media Group