
ကုန်သွယ်မှုတွင် ကိုရီးယားနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများနှင့် တိုက်ရိုက်ပေးချေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ပြောကြားသည်။
စက်တင်ဘာ ၂၄ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo နှင့်အဖွဲ့အား နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံက ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် လက်ရှိရင်းနှီးမြှုပ်နှံနေသော ကုမ္ပဏီများသာမက လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသောကိုရီးယားကုမ္ပဏီများလည်းရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုမှ နှစ်နိုင်ငံလုံး အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ အောင်မြင်မှုဖြစ်ပြီး မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် ကိုရီးယားသမ္မတနိုင်ငံ၏ အောင်မြင်မှုပင်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အနာဂတ်တွင် ကိုရီးယားသမ္မတနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၏ ငွေကြေးများနှင့် တိုက်ရိုက်ပေးချေရန်အတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်သွယ်မှုတွင် ပိုမိုချောမွေ့စေမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံသို့လာရောက်၍ ဘဏ်ခွဲနှင့် လက်အောက်ခံဘဏ်များ ဖွင့်လှစ်လုပ်ကိုင်နေသော ကိုရီးယားဘဏ်များ၏ အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။