
တနင်္သာရီတိုင်း မြို့နယ်ငါးမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်း ၅၆ ကျောင်းအနက် ၅၅ ကျောင်း ပြန်လည်ဖွင့်လှစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ၏အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် တနင်္သာရီမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့အတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သည့်အပြင် မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေရာအချို့တွင်လည်း ရေကျော်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အပါအဝင် မြို့နယ် ငါးမြို့နယ်တို့ရှိ အခြေခံပညာကျောင်း ၅၆ ကျောင်းအား စက်တင်ဘာ ၂၈ ရက်မှစ၍ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုအခြေအနေများကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာကျောင်းများမှာ ရေဖြူမြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (၃) ကျောင်း၊ ထားဝယ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ မူလတန်းနှင့် မူလတန်းလွန်ကျောင်း (၁၂) ကျောင်း၊ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ) (၆) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ မူလတန်းနှင့် မူလတန်းလွန်ကျောင်း (၁၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်း၊ သရက်ချောင်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း (ခွဲ) (၁) ကျောင်း၊ မူလတန်းနှင့်မူလတန်းလွန်ကျောင်း ၉ ကျောင်းနှင့် ပုလောမြို့နယ်အတွင်း အခြေခံပညာမူလတန်းလွန်ကျောင်း ၁ ကျောင်း စုစုပေါင်း မြို့နယ် ၅ ခုမှ အခြေခံပညာကျောင်း ၅၆ ကျောင်းတို့ဖြစ်ကြောင်း သိရသည်။
ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ပြီးနောက် ရေပြန်လည်ကျဆင်းသွားသည့်နေရာများရှိ စာသင်ကျောင်းများတွင် ကျောင်းများအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ကျောင်းအတွင်း/အပြင်၌ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့စဉ် တင်ကျန်ခဲ့သည့်နုန်းမြေများဖယ်ရှားခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ စာသင်ခုံများပြုပြင်ခြင်း၊ စာသင်ခန်းအတွင်း/အပြင်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယာယီပိတ်ထားခဲ့ရသည့် ကျောင်းများအနက် စက်တင်ဘာ ၃၀ ရက်တွင် အခြေခံပညာကျောင်း ၁၄ ကျောင်း၊ အောက်တိုဘာ ၁ ရက်တွင် အခြေခံပညာကျောင်း ၄၁ ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်း ၅၅ ကျောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်းနှင့် ကျန်ရှိသည့် ပုလောမြို့နယ်မှ အခြေခံပညာမူလတန်းလွန်ကျောင်း (ပလောက်နောက်) ကိုလည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ရေပြန်လည်ကျဆင်းချိန်တွင် သန့်ရှင်းရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။