Myanmar National Post

ယောက်ျားက ခြောက်ချင်နေလို့ ကွာရှင်းခွင့်တောင်းရတဲ့ ICE ဘာဘီ


အောက်တိုဘာ - ၂ ( သောကြာနေ့ ) 

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ဝန်ကြီးဟောင်း ခရစ္စတီ နိုအမ် ဟာ နှစ်ပေါင်း ၃၄ နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဘရိုင်ယန် နိုအမ် ကို ကွာရှင်းဖို့ တရားရုံးကို ဦးတိုက် လျှောက်ထားတယ်လို့ မီဒီယာအများအပြားက တရားရုံးမှတ်တမ်းတွေကို ဖတ်ရှု့ပြီးဖော်ပြလိုက် ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ် ရွှေ့ပြောင်းနေထိုင်သူများ နှိမ်နင်းရေး လုပ်ငန်းတွေ ကို ကြီးကြပ်စဉ်အတွင်း သူမရဲ့ လှပတင့်တယ်တဲ့ ရုပ်ရည်ကြောင့် အွန်လိုင်းမှာ ‘ICE Barbie’ လို့ အမည်ပြောင်ပေးခံခဲ့ရသူ DHS ဝန်ကြီးဟောင်းဟာ သူမရဲ့ မွေးရပ်မြေ တောင်ဒါကိုတာပြည်နယ်၊ ဟမ်းလင်းခရိုင်တရားရုံးမှာ "သဘောထားချင်းမတိုက်ဆိုင်လို့  ပြန်လည်စေ့စပ်လို့ မရနိုင်တော့တဲ့ ကွဲလွဲမှုများ" ကို အကြောင်းပြပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က ကွာရှင်းခွင့်စာရွက်စာတမ်းတွေကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

"ခရစ္စတီ နိုအမ်ဟာ ဘရိုင်ယန် နဲ့ ထိမ်းမြားလက်ထပ်ထားမှုကို ဖျက်သိမ်းဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ သူမအနေနဲ့ တောင်ဒါကိုတာပြည်နယ်ရဲ့ တရားစီရင်ရေးစနစ်အပေါ် အပြည့်အဝ ယုံကြည်မှုရှိပြီး ကျန်တဲ့ မှတ်ချက်တွေကိုတော့ ဥပဒေကြောင်းအရ ဆောင်ရွက်မှုတွေအတွက်ပဲ ချန်လှပ်ထားမှာဖြစ်ပါတယ်" လို့ သူမရဲ့ ရှေ့နေက အင်္ဂါနေ့မှာ People မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံဟာ ၁၉၉၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သမီးနှစ်ဦးနဲ့ သားတစ်ဦး၊ စုစုပေါင်း အရွယ်ရောက်ပြီးသား သားသမီး သုံးဦး ရှိပါတယ်။ ဘရိုင်ယန်ဟာ သူ့ဇနီးရဲ့ ဥပဒေရေးရာအဖွဲ့က တိုင်ကြားစာမှာ လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာ ဧပြီလ ၈ ရက်နေ့မှာ ကွာရှင်းခွင့် စာရွက်စာတမ်း တွေကို လက်ခံရရှိကြောင်း အကြောင်းပြန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီမတိုင်ခင်မှာ ခင်ပွန်းဖြစ်သူက အလွန်အမင်း အမျိုးသမီးဆန်အောင် ပြင်ဆင်တာနဲ့ အမျိုးသမီးဝတ်စုံ တွေ ဝတ်ဆင်ပြီး ခြောက်ချင်နေတဲ့ဘဝကို လျှို့ဝှက်နေထိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ Daily Mail သတင်းစာရဲ့ မတ်လဖော်ပြချက်အရ ဘရိုင်ယန် ဟာ သူ့ဇနီး DHS ဝန်ကြီးအဖြစ် ၁၄ လနီးပါး တာဝန်ထမ်းဆောင်စဉ်အတွင်း မိန်းမဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ သူ့ရဲ့ဓာတ်ပုံပေါင်းများစွာကို အွန်လိုင်းမှာ လွှင့်တင်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီဖြစ်ရပ်တွေမတိုင်မီ သီတင်းပတ်အနည်းငယ်အလိုမှာပဲ သမ္မတ ထရမ့်ဟာ တစ်စထက်တစ်စ တိုးပွားလာတဲ့ အငြင်းပွားဖွယ်ရာတွေကြောင့် နိုအမ်ကို DHS ဝန်ကြီးရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ သူမကို အမေရိကဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အဓိကထားရတဲ့ သံတမန်ရေးရာ ရာထူးတစ်ခုမှာ ပြန်လည်ခန့်အပ်ခဲ့ပါတယ်။ သူမ ရာထူးက ထုတ်ပယ်ခံရတာဟာ ထရမ့်ရဲ့ အကြံပေးပုဂ္ဂိုလ် ကိုရီ လီဝန်ဒေါစကီး နဲ့ ဖောက်ပြန်ရေးရှုပ်ထွေးမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ စစ်ဆေးမေးမြန်းခံရပြီး နောက်တစ်နေ့မှာ ရာထူးက ထုတ်ပယ်လိုက်တာပါ။ အဲဒီစွပ်စွဲချက်တွေကိုတော့ နိုအမ်က "အဝါရောင်သတင်းစာ( အတင်းအဖျင်းသတင်းစာ)တွေရဲ့ အမှိုက်စကားတွေပါ" လို့ ပယ်ချခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post