
တောင်ကြီး၊ အောက်တိုဘာ ၂
တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် စခန်းသွင်းလေ့ကျင့်နေသည့် ရှမ်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် တိုင်းရင်းသားလူငယ်မောင်မယ်များ၏ ပြိုင်ပွဲဝင်ရန် လေ့ကျင့်နေမှုများကို ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းစင်တာအတွင်းရှိ အလုပ်ရုံဆောင်၊ စားရိပ်သာဆောင်၊ သင်တန်းခန်းမဆောင်များနှင့် သင်တန်းသား သင်တန်းသူ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။
ထို့ပြင် သင်တန်းစင်တာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တာဝန်ခံ ညွှန်ကြားရေးမှူးက သက်မွေးပညာသင်တန်းများ ဖွင့်လှစ်နေမှုများ၊ ဖွင့်လှစ်သွား မည့်သင်တန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကို ခြိုးခြံချွေတာပြီး အကျိုးရှိရှိအသုံးပြုရန်နှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်မှာကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးကိုအထူးဂရုပြုရန်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့်လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#News #Myanmar