Myanmar National Post

အမေရိကန်က အနာဂတ်စစ်ပွဲတွေမှာ သုံးမယ့် စက်ရုပ်တပ်ဖွဲ့တွေကို စတင်ဖွဲ့စည်း


အောက်တိုဘာ - ၂ ( သောကြာနေ့) 

အမေရိကန် စစ်ရေးဝန်ကြီး ပီတီ ဟက်ဂ်ဆက်သ်  ရဲ့ ‘State of the Force’ မိန့်ခွန်းပြောကြားချက်အရ အမေရိကန် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးမှာ စက်ရုပ်စနစ်တွေကို ဒီဇိုင်းထွင်ဖို့၊ ထုတ်လုပ်ဖို့နဲ့ တပ်ဖြန့်ဖို့အတွက် စစ်ဌာနချုပ် (Pentagon) က (AutoWarCom) အမည်ရှိ တပ်ဖွဲ့သစ်တစ်ခုကို ဖွဲ့စည်းတည်ထောင်သွားတော့မှာလို့ သိရပါတယ်။  

အဆိုပါ ကြေညာချက်ဟာ စစ်ရေးဆိုင်ရာ AI နည်းပညာအပေါ် လွန်ကဲစွာ အားကိုးအားထားပြုခြင်း ကြောင့် လူတွေရဲ့ အရေးပါတဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့ပါးသွားနိုင်ကြောင်း၊ အယ်လဂိုရီသမ် တွေရဲ့ ဆုံးဖြတ်ချက် မခန့်မှန်းနိုင်မှုကြောင့် မတော်တဆ ပဋိပက္ခ မြင့်တက်လာနိုင်သည့် အန္တရာယ်ရှိကြောင်းနဲ့ စစ်ပွဲတွေကို အရပ်သားတွေအတွက် ပိုမိုအန္တရာယ်များစေနိုင်ကြောင်း စစ်ဘက်ဆိုင်ရာ AI ရဲ့ ခြိမ်းခြောက်မှုအပေါ် ကျွမ်းကျင်သူတွေက သတိပေးနှိုးဆော်နေချိန်မှာ ထွက်ပေါ်လာတာပါ။

ဗာဂျီးနီးယားပြည်နယ်ရှိ မရိန်းတပ်ဖွဲ့ အခြေစိုက်စခန်းမှာ ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မိန့်ခွန်းအတွင်း ဟက်ဂ်ဆက်သ်က AutoWarCom တပ်ဖွဲ့ကို "ခေတ်သစ်စစ်ရေးသမိုင်းမှာ အမြန်ဆုံး ငြိမ်းချမ်းရေးကာလ အပြောင်းအလဲအဖြစ် ပူးပေါင်းတပ်ဖွဲ့တစ်ရပ်လုံးမှာ အလိုအလျောက်နဲ့ စက်ရုပ်နည်းပညာ စွမ်းဆောင်ရည်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်မယ့် အထူးလုပ်ပိုင်ခွင့်များ" ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

"စူပါဉာဏ်ရည်တွေ( အက်စ်အိုင်)က ပစ်မှတ်ရှာဖွေစနစ်နဲ့ အဆင့်မြှင့်တင်ထားတဲ့ ဒရုန်းစစ်ဆင်ရေး ဟာ မျိုးဆက်ပေါင်းများစွာအတွင်း အကြီးမားဆုံး စစ်မြေပြင် တော်လှန်ရေးပဲ ဖြစ်ပါတယ်" လို့လည်း သူက အလေးအနက် ထောက်ပြပြောဆိုခဲ့ပါတယ်။

ဒီကြေညာချက် မထွက်ပေါ်မီ တစ်ရက်အလိုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အမေရိကန် အစိုးရရဲ့ ဝေါဟာရအသုံးအနှုန်းမှာ အေအိုင် ( ဉာဏ်ရည်တု) ဆိုတဲ့ စကားရပ်အစား စူပါဉာဏ်ရည်( အက်စ်အိုင်) လို့ ပြောင်းလဲသုံးစွဲဖို့ အမိန့်ကြော်ငြာစာတစ်ရပ် လက်မှတ် ရေးထိုးခဲ့ပါတယ်။

စစ်ရေးဝန်ကြီးရဲ့ အဆိုအရ နှစ်ဖက်စလုံးက ဒရုန်းတွေကို တက်ကြွစွာ အသုံးပြုနေတဲ့ ယူကရိန်း ပဋိပက္ခက ရရှိခဲ့တဲ့ သင်ခန်းစာတွေဟာ ဒီစစ်ဌာနချုပ်သစ်ကို စတင်ဖွဲ့စည်းဖို့အတွက် အဓိက တွန်းအားတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။ "စစ်မက်ရေးရာဟာ... ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။ အဆင့်မြင့် ကွန်ပျူတာ နည်းပညာတွေကြောင့် အကွာအဝေး ပစ်မှတ် တိကျပြီး ကုန်ကျစရိတ် သက်သာတဲ့ လက်နက်တွေကို အမြောက်အမြား ထုတ်လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဒီစနစ်တွေဟာ ကျနော်တို့ရဲ့ ကုန်ကျစရိတ် ကြီးမားလှတဲ့ စစ်လက်နက် ပစ္စည်းဟောင်းတွေကို ပိုမို ခြိမ်းခြောက်လာနေပြီး တပ်ဖွဲ့များ စေလွှတ် ပစ်ခတ်နိုင်စွမ်းကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ အရေးပေါ် ပြုပြင်ပြောင်းလဲမှုတစ်ခု လိုအပ်နေပါပြီ" လို့ သူက ရေးသားခဲ့ပါတယ်။

ကြယ်လေးပွင့်အဆင့်ရှိ ဗိုလ်ချုပ်ကြီးတစ်ဦးက ဦးဆောင်မယ့် အော်တိုဝါးကွန် ကို ၂၀၂၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ စတင် လည်ပတ်နိုင်ရမယ်လို့ စစ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post