Myanmar National Post

(၆၂)နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ




တောင်ကြီး၊ အောက်တိုဘာ ၂

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ကြီးမှူးပြုလုပ်သည့် (၆၂)နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီ က တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ (၆၂)နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က မိန့်ခွန်ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ကျော်ဟန် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှ ပေးပို့သော (၆၂)နှစ်‌မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ဆုရတပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းများတစ်ဦးချင်းအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ပြသရာ တက်ရောက်လာကြသူများက ကြည့်ရှုခဲ့ကြပြီး ဆုရတပ်ဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် မြို့တော်ခန်းမအတွင်း ပြသထားသည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပညာပေးပြခန်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)

#News #Myanmar

မူရင်းသတင်း — Myanmar National Post