Eleven Media Group

မြဝတီမြို့တွင် တက္ကစီယာဉ်မောင်းတစ်ဦး သုံးရက်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

■ပုံစာ-ပျောက်ဆုံးနေသူ ကိုကျော်သီဟ

ကရင်ပြည်နယ် မြဝတီမြို့တွင် အမှတ် (၄) ရပ်ကွက် အာရှလမ်းမကြီး သုခဝတီဟိုတယ်အနီးမှ အငှားလိုက် သွားသည့် ကားတက္ကစီမောင်းနှင်သူတစ်ဦး သုံးရက်ကြာသည့်တိုင် မိသားစုနှင့်အဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

မြဝတီမြို့ အမှတ်(၃) ရပ်ကွက် ကရင်စာပေ (၅) လမ်းနေ ကားတက္ကစီယာဉ်မောင်း ကိုကျော်သီဟ (၃၅ နှစ်) သည် အောက်တိုဘာ ၁ ရက် ညနေပိုင်းက ခရီးသည်ပို့ဆောင်သွားရာမှ အောက်တိုဘာ ၃ ရက်နေ့အထိ သုံးရက်ကြာသည့်တိုင် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

သုံးရက်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည့် တက္ကစီယာဉ်မောင်း ကိုကျော်သီဟသည် အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမ သုခဝတီဟိုတယ်အနီး၌ ဂိတ်ထိုး၍ယာဉ်ရပ်နားထားစဉ် စိမ်းလဲ့မြိုင်အဝေးပြေးကားဝင်းသို့ သွားမည်ဟုဆိုကာ ခရီးသည်က ငှားရမ်းခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ကိုကျော်သီဟ မောင်းနှင်သောယာဉ်မှာ Honda Fit အဖြူရောင် ဖြစ်ပြီး ခရီးသည် သွားရောက်ပို့ဆောင်ပြီး နောက် မိသားစုက ဖုန်းဆက်သော်လည်း ၎င်းကိုင်ဆောင်သော ဖုန်းမှာ ပိတ်နေသဖြင့် အောက်တိုဘာ ၃ ရက်အထိ မိသားစုမှ အဆက်အသွယ်မရရှိသေး၍ ပူပင်သောကရောက်နေကြရကြောင်း သိရသည်။

ထိုကြောင့် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကရင်စာပေ(၅)လမ်းနေ မိသားစုဝင်များက တက္ကစီယာဉ်မောင်း ကိုကျော်သီဟ ရုတ်တရက်ပျောက်ဆုံးနေမှုအပေါ် လွန်စွာစိတ်ပူပင်လျှက်ရှိပြီး ကိုကျော်သီဟအား တွေ့ရှိသူ သို့မဟုတ် ကိုကျော်သီ၏ သတင်းသဲလွန်စများ သိခဲ့ပါက ဆက်သွယ်ကူညီပေးပါရန် မေတ္တာရပ်ခံ ပြောဆိုထားသည်။

မြဝတီမြို့တွင် ယခင်ကလည်း ဆိုင်ကယ်တက္ကစီမောင်းသူများ မကြာခဏပျောက်ဆုံးခဲ့ကြောင်း၊ လူသတ် ဆိုင်ကယ်လုယက်မှုလည်းရှိခဲ့ကြောင်း ၊ကားအရောင်းအဝယ်လုပ်သူ ဇနီးမောင်နှံ ပျောက်ဆုံးမှုမှာလည်း ယနေ့ထိ သတင်းအစအနပင် ရရှိမှုမရှိသေးကြောင်း ဒေသခံများက ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group