Eleven Media Group

မဲဆောက်မြို့လယ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်လုပ်ကိုင်သည့် အထည်ချုပ်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့လယ်ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် ယနေ့ (အောက်တိုဘာ ၄ ရက်) နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး စက်ရုံအတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများမှာ အထိတ်တလန့်အသက်လုထွက်ပြေးခဲ့ရကာ ဆုံးရှုံးနစ်နာမှုများစွာရှိကြောင်း သိရသည်။

အထည်ချုပ်စက်ရုံ မီးလောင်မှုကြောင့် စက်ရုံအတွင်းရှိ စက်ပစ္စည်းများ၊ အထည်အလိပ်များနှင့် အဆောက် အအုံများ မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှုတန်ဖိုးမှာ ထိုင်းဘတ်ငွေငါးသန်းထက်မနည်း (မြန်မာငွေ သိန်းထောင်ချီ) ရှိနိုင်ကြောင်း ပဏာမခန့်မှန်းကြောင်း ထိုင်းနိုင်ငံဘက်မှလာသော သတင်းများအရ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မဲဆောက်မီးသတ်ဖွဲ့ဝင်‌များနှင့် တာဝန်ရှိသူ‌များက အချိန်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံမှာ မဲဆောက်မြို့၊ UN ရုံးအနီးရှိ အထည်ချုပ်ရုံဖြစ်ပြီး၊ မြန်မာလုပ်သား ၈၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း မြန်မာလုပ်သားတစ်ဦးက ဆိုသည်။

"ကျွန်တော်တို့သိတာ ၈ နာရီ ၄၀ မိနစ်လောက်ပါ။ စက်ရုံဆိုတော့ စက်တွေ၊ အထည်အလိပ်တွေ ၊အလုပ်သမား တွေနေတဲ့ အဆောင်ပါလောင်တာဆိုတော့ အလုပ်သမားတွေရဲ့ အဝတ်အစား၊ ငွေအချို့နဲ့ ရွှေတိုရွှေစ ၊စာရွက်စာတမ်း တွေလည်း ဆုံးရှုံးသွားကြပါတယ်။ တချို့အလုပ်သမားတွေကလည်း မိမိပစ္စည်းထက် စက်ရုံ ကပစ္စည်းတွေကို ဝိုင်းကူသယ်ကြတယ်။ ဒီစက်ရုံမှာ မြန်မာလုပ်သား ၈၀ ခန့် အလုပ်လုပ်နေတာပါ" ဟု မြန်မာလုပ်သားတစ်ဦးက ပြောကြားသည်။

အဆိုပါစက်ရုံ၌ အထည်ချုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား အမျိုးသမီးတစ်ဦးက"ညီမတို့က အဆောင်ကနေ အလုပ်လာတာ။ မီးလောင်တာ အဆောင်ပါ ပါသွားတယ်။ ကိုယ်နဲ့ပါလာတဲ့အထောက်အထားကလွဲလို့ ကျန်တာ ဘာမှကို မရလိုက်ပါဘူး။ လတ်တလော အခက်အခဲကို သူဌေးနဲ့ တာဝန်ရှိသူတွေ ဝိုင်းဝန်းဖြေရှင်းဖို့ စီစဉ်နေကြတယ်လို့ ကြားပါတယ်" ဟုဆိုသည်။

သက်ဆိုင်ရာ ထိုင်းမီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများ အချိန်မီလာရောက်ငြှိမ်းသတ်ခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အသေးစိတ်

စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

Photo.Cj

မူရင်းသတင်း — Eleven Media Group