
ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများပေါ်တွင် ပေါက်ရောက်နေသည့် အပင်များအား ဆေးထိုးဖယ်ရှားခြင်း ၊ အုတ်ကြားခြင်းများအား Future Baganမှ လုပ်ဆောင် နေကြောင်း သိရသည်။
Future Bagan အဖွဲ့က လက်ရှိ ၂၀၂၆ ခုနှစ်အတွင်း ရှေးဟောင်းဘုရားစေတီ ၂၀ ခန့်၏ အပေါ်တွင် ပေါက်ရောက်နေသည့် သစ်ပင်များအား ဆေးထိုးဖယ်ရှားခြင်း ၊ အပင်အမြစ်များ တိုးဝင်သောကြောင့် ပျက်စီးနေသော ရှေးဟောင်းအုပ်များအား မိုးရေမဝင်စေရန် အုပ်ကြားသိပ်ခြင်း လိုအပ်ပါက အင်္ဂတေထိုးခြင်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
နံရံဆေးရေးပန်းချီများရှိသော ဘုရားများတွင် လင်းနို့ ၊ ခါငှက်များ မဝင်ရောက်စေရန် ဝင်ပေါက်တံခါးတွင် သံဆန်ခါတပ်ဆင်ခြင်းကိုလည်း Future Bagan အဖွဲ့က လုပ်ဆောင်နေကြောင်း သိရသည်။
“ Future Bagan က ဒေသခံတွေနဲ့ စုဖွဲ့ထားတဲ့အဖွဲ့ပါ။ သက်ဆိုင်ရာဝန်ကြီးဌာနမှာ အသင်းမှတ်ပုံတင်ပြီး ပုဂံဒေသမှာ ရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို တတ်နိုင်တဲ့ဘက်က ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်တာပါ။ လုပ်ငန်းလုပ်တဲ့အခါမှာ ရှေးဟောင်းအမွေအနှစ်တွေ မထိခိုက်ဖို့ ဂရုစိုက်ရပါတယ်။ လုပ်ငန်း တစ်ခုပြီး သွားရင်လည်း လုပ်ငန်းပြီးစီးမှုကို သက်ဆိုင်ရာဌာနကို တင်ပြပေးပါတယ်။ အပင်ဆေးထိုးတာတို့ အုတ်ကြားသိပ်တာတို့ သံဆန်ခါတပ်တာတို့ ကုန်ကျစရိတ်ကို ကျွန်တော်တို့အသင်းရန်ပုံငွေနဲ့ပဲ လုပ်ဆောင်တာပါ” ဟု Future Bagan မှ ကိုနိုင်က ပြောကြားသည်။
Future Bagan က ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားစေတီပုထိုးများမှ နံရံဆေးရေးပန်းချီများ ဆေးရောင်လွင့်မှု သက်သာစေရန် ပြတင်းတံခါးများတွင် ယင်းလိပ်များတပ်ဆင်၍ အလင်းဝင်ရောက်မှု လျှော့ချခြင်းကိုလည်း လုပ်ဆောင်ပေးထားကြောင်း သိရသည်။
Photo - Future Bagan facebook