Eleven Media Group

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းတွင်ရှိသည့် အလုပ်ရုံ ၂၂ ရုံအနက် အလုပ်ရုံ ၂၀  စမ်းသပ်လည်ပတ်

နိုင်ငံတော်၏ သံမဏိလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက များစွာအထောက်အကူပြုနိုင်ရေးအတွက် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းပါ အလုပ်ရုံ ၂၂ ရုံအနက် အလုပ်ရုံ ၂၀ ကို အောင်မြင်စွာ တပ်ဆင်စမ်းသပ်လည်ပတ်နိုင်ပြီဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ကျန်ရှိသည့် စွန့်ပစ်အပူသုံး ဓာတ်အားပေးအလုပ်ရုံ (HRPS) နှင့် သံရည်ကျိုအလုပ်ရုံ (Romelt Shop) တို့ကို အမြန်ဆုံး စက်တပ်ဆင်လည်ပတ်ပြီး စက်ရုံတစ်ခုလုံး အပြီးသတ်လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းလုပ်ငန်းများတွင် ပါဝင်သည့် စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) လည်ပတ်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport Co., Ltd. (TPE) မှ နိုင်ငံခြားသားပညာရှင်များနှင့် စက်ရုံရှိဝန်ထမ်းများ ပူးပေါင်း၍ စက်ပစ္စည်းများအား စစ်ဆေးခြင်း၊ စက်တပ်ဆင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစဉ် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းသည် နိုင်ငံတော်အတွက် များစွာအရေးပါသည့် စီမံကိန်းဖြစ်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသည့် စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) တပ်ဆင်လည်ပတ်ပြီးပါက ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြိုတင်မျှော်မှန်းတွက်ဆ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ထားရန်လိုကြောင်း၊ စက်တပ်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် အချိန်ဇယားများအတိုင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံရမည့်စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန်ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ (HRPS) ၏ စက်တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီး၍ လည်ပတ်နိုင်ပါက လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၃၂ မဂ္ဂါဝပ်ကို စက်ရုံတွင် ပြန်လည်အသုံးပြု၍ ပိုလျှံသော လျှပ်စစ်ဓာတ်အား ရှစ်မဂ္ဂါဝပ်ကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group