Myanmar National Post

ပနားမားတွင် ပြင်းအား ၇.၇ ရှိ ငလျင်လှုပ်ခတ်













အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာစောင့်ကြည့်ရေးဌာန (USGS) ၏ အဆိုအရ သောကြာနေ့တွင် ပနားမားနိုင်ငံ၌ ပြင်းအား ၇.၇ ရှိ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

ဓာတ်ပုံများနှင့် ဗီဒီယိုမှတ်တမ်းများတွင် အဆောက်အအုံများ ပြိုကျပျက်စီးခြင်း၊ ယာဉ်များ ပျက်စီးခြင်း၊ လမ်းမများပေါ်တွင် အပျက်အစီးများ ပြန့်ကျဲနေခြင်းနှင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြခြင်းတို့ကို တွေ့မြင်ရသည်။ ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူများ ရှိကြောင်း ချက်ချင်းသတင်းရရှိခြင်း မရှိသေးပေ။

USGS ၏ အဆိုအရ ငလျင်သည် ပနားမားနိုင်ငံတောင်ပိုင်း၊ ပစိဖိတ်သမုဒ္ဒရာဘက်ခြမ်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှာ ပနားမားနိုင်ငံ၊ Pitaloza Arriba (ပီတာလိုဇာ အာရီဘာ) ၏ အနောက်-အနောက်တောင်ဘက် ၁၂ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီမတိုင်မီ ငလျင်စတင်လှုပ်ခတ်ခဲ့ချိန်မှစ၍ နောက်ဆက်တွဲငလျင် (aftershocks) အကြိမ်ရေ တစ်ဒါဇင်ကျော် လှုပ်ခတ်ခဲ့ကြောင်း ပနားမားသမ္မတရုံးက ပြောကြားသည်။

USGS ၏ အချက်အလက်များအရ ပြင်းထန်သော နောက်ဆက်တွဲငလျင်များထဲတွင် Rio Grande (ရီယို ဂရန်ဒီ) မြို့နယ်အနီး၌ လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၆ ရှိ ငလျင်နှင့် El Cacao (အယ်လ် ကာကာအို) အနီး၌ လှုပ်ခတ်ခဲ့သည့် ပြင်းအား ၅.၈ ရှိ ငလျင်တို့ ပါဝင်သည်။

အုပ်ချုပ်ရေးရုံးများနှင့် ကျောင်းများအားလုံး လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတကာအကူအညီ တောင်းခံရန် စဉ်းစားထားခြင်းမရှိသော်လည်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို ဆက်လက်ဆန်းစစ်လျက်ရှိပြီး လိုအပ်ပါက ပြန်လည်သုံးသပ်ဆုံးဖြတ်နိုင်ကြောင်း ပနားမားနိုင်ငံ၏ အမျိုးသား အရပ်ဘက်ကာကွယ်ရေးစနစ် (SINAPROC) က ABC News သို့ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ငလျင်လှုပ်ခတ်မှုဆိုင်ရာ သတင်းအချက်အလက်များကို အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

"အမေရိကန်ပြည်ထောင်စုအနေနဲ့ ပနားမားနိုင်ငံသားတွေနဲ့အတူ ရပ်တည်လျက်ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ "ပနားမားအစိုးရရဲ့ တောင်းဆိုချက်အရ နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ ဝန်ထမ်းအင်အားတွေကို အလျင်အမြန် စုစည်းဆောင်ရွက်လျက်ရှိပါတယ်။"

အစပိုင်းတွင် အမေရိကန် ဆူနာမီသတိပေးစနစ်က ထိုဒေသ၌ ဆူနာမီဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပြီး၊ ကော့စတာရီကာ၊ အယ်လ်ဆာဗေဒေါ၊ ပီရူး၊ မက္ကဆီကို၊ ဂွာတီမာလာ၊ ပနားမား၊ နီကာရာဂွာ၊ ကိုလံဘီယာနှင့် အီကွေဒေါနိုင်ငံတို့ရှိ ကမ်းရိုးတန်းဒေသအချို့တွင် "အန္တရာယ်ရှိနိုင်သော ဆူနာမီလှိုင်းများ" ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုအန္တရာယ်ရှိနိုင်ခြေ လျော့ပါးသွားခဲ့သည်။


Ref - ABC

#News #Myanmar

မူရင်းသတင်း — Myanmar National Post