Myanmar Transparency News

အကြမ်းဖက်လက်နက်ကိုင် KNU အား ကုန်ပစ္စည်း မထောက်ပံ့ရန် ထိုင်းနိုင်ငံကို သတိထောက်လွှာပေးပို့ခဲ့ဟု သိရ

ထိုင်းနိုင်ငံရေးပါတီများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး၊ လူမှုရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ အပါအဝင် KNU နှင့် မည်သည့်ပုံစံဖြင့်မဆို ဆက်ဆံရေး သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု မပြုကြရန်ပါ ထပ်မံသတိပေးစာက ဖော်ပြ

သတိုး
၁. ၁၁. ၂၀၂၆

​မြန်မာ့တပ်မတော်က ထိုင်းအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော KNU ထံ ကုန်ပစ္စည်းများ မထောက်ပံ့ရန် တရားဝင်သတိပေးခဲ့ပြီး၊ အဆိုပါ ကုန်သွယ်မှုကို ဆက်လက်လုပ်ဆောင်ပါက ထိုင်းနိုင်ငံ၊ မဲသလော (Mae Sam Laep) ကျေးရွာ၏ တစ်ဖက်ကမ်း မြန်မာဘက်ခြမ်း ဖာပွန်မြို့နယ်ရှိ KNU ထိန်းချုပ်ထားသော ဒေသအခေါ် မယ်ရာထ (သော်လဲထ) စခန်းအား စစ်ရေးအရ တိုက်ခိုက်မည်ဟု သံတမန်ရေးအရ သတိထောက်လွှာပေးပို့ခဲ့ကြောင်း KNU စစ်ရေးသတင်းပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်ဟု ထိုင်းသတင်းဌာန Khaosod English တွင် ဖော်ပြထားမှုအရ သိရသည်။

​၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်သည့် အကြမ်းဖက်အဖွဲ့အစည်း KNU ၏ ကြေညာချက်တစ်ခု၌ မြန်မာအစိုးရ၏ မြန်မာ – ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီ (မြဝတီ) က ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ထိုင်းနယ်စပ်အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ဩဂုတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက်အဖွဲ့အစည်း KNU နှင့် ဆက်သွယ်ခြင်းမပြုရန် တရားဝင် ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။

​အဆိုပါစာတွင် ထိုင်းကုန်သည်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော KNU နှင့် ဆက်သွယ်ခြင်း မပြုရန် သို့မဟုတ် KNU ထိန်းချုပ်ထားသော သော်လဲထစစ်ဆေးရေးဂိတ်မှတစ်ဆင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်း မပြုရန် သတိပေးထားကြောင်း သိရသည်။ ထို့အပြင် အဆိုပါနေရာရှိ အကြမ်းဖက်အဖွဲ့ KNU စခန်းနှင့် KNU ၏ ကုန်ဂိုဒေါင်တို့ကို လေကြောင်းတိုက်ခိုက်မည်ဟုလည်း သတိပေးခဲ့သည်။

​လတ်တလောတွင် တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့ဖြစ်သော KNU အကြား တိုက်ပွဲများဖြစ်ပွားနေရာ အဆိုပါ သော်လဲထစခန်းလည်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး KNU တပ်မဟာ (၅) ထံ ထောက်ပို့သည့် လမ်းကြောင်းများနှင့် တရားမဝင်နယ်စပ် ကုန်သွယ်ရေးကို တပ်မတော်က ဖြတ်တောက်ခဲ့သည်။ ထို့အတူ ထိုင်းနိုင်ငံ နရဲစွမ်တပ်ရင်းမှလည်း KNU ကို ထောက်ပို့နေသော တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းကို တစ်ပတ်တာ ရပ်ဆိုင်းကြောင်း တရားဝင်ကြေညာခဲ့သည်။

​စာအမှတ် (၂) ဟု ဖော်ပြထားသော ထိုကန့်ကွက်စာတွင် မြန်မာအာဏာပိုင်များက ဖာပွန်မြို့နယ်သည် ဝေးလံခေါင်ဖျားပြီး သွားလာရန်ခက်ခဲသော ဒေသဖြစ်ကြောင်းနှင့် မတရားအသင်းအဖြစ် သတ်မှတ်ထားသော KNU အတွက် တရားဝင် လှုပ်ရှားခွင့်ရှိသည့် နယ်မြေမဟုတ်ကြောင်း ဖော်ပြထားသည်။

​ထို့အပြင် အဆိုပါဒေသတွင် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာ့ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဆက်လက်သတိပေးထားသည်။ အကြမ်းဖက် KNU အတွက် အကျိုးအမြတ်ရရှိစေမည့် မည်သည့်စီးပွားရေးလှုပ်ရှားမှုမဆို ပါဝင်ခြင်း သို့မဟုတ် ကူညီထောက်ပံ့ခြင်း မပြုကြရန် ထိုင်းအာဏာပိုင်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ညွှန်ကြားပေးပါရန်လည်း အဆိုပါစာတွင် တောင်းဆိုထားသည်။

​မြန်မာအာဏာပိုင်များက KNU အကြမ်းဖက်အဖွဲ့၏ ထောက်ပံ့ရေးနှင့် ကူညီရေးလမ်းကြောင်းများကို လေကြောင်းမှ စဉ်ဆက်မပြတ် စောင့်ကြည့်နေပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လုပ်ဆောင်နေသည့် အဆိုပါလှုပ်ရှားမှုများကို ထိန်းချုပ်ရန်နှင့် ချေမှုန်းရန် ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့အပြင် သတိထောက်စာတွင် ထိုင်းနိုင်ငံရေးပါတီများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး၊ လူမှုရေး သို့မဟုတ် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများ အပါအဝင် KNU နှင့် မည်သည့်ပုံစံဖြင့်မဆို ဆက်ဆံရေး သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု မပြုကြရန် ထပ်မံသတိပေးထားသည်။

သော်လဲထ​စခန်းသည် ယခင်က မြန်မာအစိုးရတပ်များ ထိန်းချုပ်ထားသည့် စခန်းဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် KNU တပ်မဟာ (၅) က ယာယီထိန်းချုပ်သွားခြင်းဖြစ်ပြီး တပ်မတော်က​ ယခု အောက်တိုဘာ ၃၁ ရက်နေ့တွင် အဆိုပါစခန်းကို ပြန်လည်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုရှိသော်လည်း စခန်းအတွင်း ခိုအောင်းနေသော အကြမ်းဖက် KNU တပ်ဖွဲ့ဝင်များ၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကိုမူ မသိရသေးပေ။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News