Myanmar Transparency News

အမေရိကန်ပြည်ထောင်စု၊ ဒယ်လတ်စ်မြို့တွင် ဟယ်လိုဝင်းည ပစ်ခတ်မှု သုံးခုဖြစ်ပွား၊ လူလေးဦး သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရ

၂.၁၁.၂၀၂၆
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဒယ်လတ်စ်မြို့ရှိ ဒိ အယ်လ်လမ် (Deep Ellum) ရပ်ကွက်တွင် အောက်တိုဘာလ ၃၁ ရက်၊ ဟယ်လိုဝင်း (Halloween) ညက ပစ်ခတ်မှုသုံးကြိမ် ဖြစ်ပွားခဲ့ရာ လူလေးဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်များသည် ဒယ်လတ်စ်မြို့၏ ညဘက် အသက်ဝင်လှုပ်ရှားမှုများသော မြို့လယ်ခေါင် အရှေ့ဘက်ရှိ ဒိ အယ်လ်လမ်ရပ်ကွက်အတွင်း နေရာသုံးနေရာ၌ ညတွင်းချင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားသည်။

ထိုရပ်ကွက်တွင် ဟယ်လိုဝင်းည အထိမ်းအမှတ် အစီအစဉ်များအဖြစ် တိုက်ရိုက်ဂီတဖျော်ဖြေပွဲများ ပြုလုပ်လေ့ရှိသော နေရာအများအပြားက ထိုညအတွက် ကြော်ငြာထားခဲ့ကြသည်။

ပစ်ခတ်မှုများသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ အဆောက်အအုံများအတွင်း ဖြစ်ပွားခဲ့ခြင်းလော သို့မဟုတ် လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းလော ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးကြောင်း ဒယ်လတ်စ်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ ဒန်နီယယ်လ် ကမ်းအော့စ်က နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဖြစ်ရပ်များအကြား ဆက်စပ်မှုတစ်စုံတစ်ရာကို မတွေ့ရှိရသေးသော်လည်း ဆက်လက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကမ်းအော့စ်က ပြောခဲ့သည်။

ဒဏ်ရာရရှိသူအချို့မှာ ဆေးကုသမှုခံယူရန် ကိုယ်တိုင်သွားရောက်ခဲ့ကြသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ အရေအတွက်မှာ အနည်းငယ် ပြောင်းလဲနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ဒယ်လတ်စ် ရဲတပ်ဖွဲ့၏ ရှေးဦး စုံစမ်းစစ်ဆေးမှုများအရ ပထမဆုံး ပစ်ခတ်မှုမှာ နိုဝင်ဘာလ ၁ ရက်၊ နံနက် ၁၂:၂၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ဒုတိယပစ်ခတ်မှုမှာ နံနက် ၁ နာရီကျော်ကျော်တွင် ဖြစ်ပွားခဲ့ကာ တတိယအကြိမ်မှာမူ ထိုအချိန်မှ မိနစ် ၃၀ ခန့်အကြာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်သူများကို ရှာဖွေဖော်ထုတ်ရန် ရဲတပ်ဖွဲ့က ဆောင်ရွက်နေစဉ် လူအများအပြားကို ဖမ်းဆီးစစ်ဆေးလျက်ရှိသော်လည်း၎င်းတို့နှင့် ပစ်ခတ်မှုများအကြား ဆက်စပ်မှု ရှိ၊ မရှိမှာ ရှင်းလင်းစွာ မသိရသေးကြောင်း ၎င်းက ပြောကြားသည်။

ဖြစ်ရပ် သုံးခုစလုံးသည် တစ်ခုနှင့်တစ်ခု မိုင်ဝက်ခန့်အကွာအဝေးအတွင်း ဖြစ်ပွားခဲ့ပုံရပြီး အဆိုပါနေရာများတွင် စားသောက်ဆိုင်များ၊ အနုပညာပြခန်းများ၊ ဘားများနှင့် ဖျော်ဖြေရေးနေရာများ ပြည့်နှက်လျက်ရှိသည်။

ဟယ်လိုဝင်းည ပွဲတော်ကြောင့် လူအုပ်ကြီးများ စုဝေးလာနိုင်သည်ကို ကြိုတင်ခန့်မှန်းပြီး ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်ချထားခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။ ၎င်းက “ကျွန်တော်တို့ဘက်က အင်အားပိုမိုချထားခဲ့ပြီး ဒီလိုအခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်” ဟုပြောခဲ့သည်။

ကမ်းအော့စ်က ပစ်ခတ်မှုဖြစ်ပွားရာနေရာများသို့ ရဲတပ်ဖွဲ့၏ အချိန်မီ တုံ့ပြန်ဆောင်ရွက်နိုင်မှုကို အံ့မခန်းဟု ချီးကျူးပြောဆိုခဲ့ပြီး ရဲအရာရှိတစ်ဦးသည် ဒဏ်ရာရရှိသူတစ်ဦး၏ အသက်ကို ကယ်တင်နိုင်ရန် အရေးပေါ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းအထိ ထိခိုက်ခံစားရသူများ၏ အမည်နာမများနှင့် ဒဏ်ရာရရှိသူများ၏ ကျန်းမာရေးအခြေအနေများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

Ref: CNN

မူရင်းသတင်း — Myanmar Transparency News