




နေမိုး
၂. ၁၁.၂၀၂၆
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးသွားလမ်းပေါ်မှာ ချင်းလက်နက်ကိုင် CDF အဖွဲ့က မိခင်နဲ့ သမီးငယ်နှစ်ဦးအပြင် လိုက်ပို့သူပါ ပစ်သတ်လိုက်သလို ဒီလိုပစ်သတ်ရတာက အသတ်ခံရတဲ့မိသားစုဝင်သုံးဦးရဲ့ အိမ်ထောင်ဦးစီးဟာ အစိုးရဝန်ထမ်းဖြစ်နေလို့ သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ ကနဦးသတင်းတွေနဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဖြစ်စဥ်က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးသွားလမ်းပေါ်ရှိ လုံပီးကျေးရွာနဲ့ တလန်ယော ကျေးရွာအကြားမှာ နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် အဖြူရောင်အိုးဝေယာဉ်ပေါ် အမျိုးသားတစ်ဦး နဲ့ ကလေးငယ်နှစ်ဦးပါဝင်တဲ့ အမျိုးသမီးသုံးဦးတို့ သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးပြီး ဖြစ်စဉ် စိစစ်ခဲ့ရာမှာ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါ်ဟရန်ကျဲရ်ထွေး (၃၆) နှစ်ဟာ သမီးဖြစ်သူ မကျဲရ်စင်မွှေးလဲင်းချိုင် (၁၇) နှစ်၊ မနိုအဲယ်ပါမ်ချိုင် (၁၂) နှစ်တို့နဲ့အတူ ဟားခါးမြို့ကနေ ကလေးမြို့ဆီ ယာဉ်မောင်း ဦးအောင်လေး (ခ) အောင်ကျော်ထွေး (၃၀)နှစ် မောင်းနှင်တဲ့ အဖြူရောင် အိုးဝေယာဉ်နဲ့ ဖလမ်း-ဟားခါးလမ်းအတိုင်း သွားရောက်ချိန် ချင်းလက်နက်ကိုင် CDF အကြမ်းဖက်အဖွဲ့က သေနတ်နဲ့ ပစ်သတ်လိုက်လို့ ကျည်ဖောက်ဝင်ဒဏ်ရာများစွာရရှိပြီး လေးလောင်းပြိုင် သေဆုံးသွားခဲ့ရတာဖြစ်သလို သေဆုံးသူတွေကို ဖလမ်းခရိုင်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ထားတယ်လို့ NOM က ဖော်ပြမှုအရ သိရပါတယ်။
ဒီဖြစ်စဥ်ဖြစ်တဲ့နေရာဟာ ချင်းလက်နက်ကိုင် CNA/CNF နဲ့ CDF တွေ ထကြွသောင်းကြမ်းနေတဲ့နေရာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပြီး CNA/CNF ကတော့ သူတို့သတ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ချင်းလူမျိုးအသိုင်းအဝိုင်းနဲ့ မိသားစုဝင်တစ်ဦးက သေဆုံးသူ ဒေါ်ဟရန်ကျဲရ်ထွေး (၃၆) နှစ်ရဲ့ ခင်ပွန်းဟာ အစိုးရဝန်ထမ်းဖြစ်လို့ ချင်းလက်နက်ကိုင်တွေက ပစ်သတ်လိုက်တာဖြစ်တယ်လို့ ရှုတ်ချဝေဖန်နေပြီး CDF ဘက်ကတော့ ငြင်းဆိုခြင်းမရှိဘဲ လက်ရှိအချိန်အထိ နှုတ်ဆိတ်နေပါတယ်။