၃.၁၁.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို ပိတ်ဆို့မှုအမျိုးမျိုး ပြုလုပ်ပြီး အထီးကျန်နိုင်ငံ တစ်ခုအဖြစ် တည်ရှိနေစေဖို့ အမေရိကန်အစိုးရ အဆက်ဆက် လုပ်ဆောင်လာခဲ့တဲ့မူဝါဒကနေ သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် ဦးဆောင်တဲ့အစိုးရ လက်ထက်မှာ နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ဖို့ကို ရည်မှန်းဆောင်ရွက်လာတာ တွေ့ရပါတယ်။ ဒီမှာ အမေရိကန်အစိုးရအနေနဲ့ ဘယ်လောက် ထိထိရောက်ရောက်ဆောင်ရွက်နေပြီလဲ အတိအကျမဆိုနိုင်သေးပေမယ့် အမေရိကန်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဌာနက ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ ထုတ်ပြန်ချက်ကို အခုအခါ လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့တာမှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်လာစေဖို့အထိ ရည်မှန်းထားခဲ့တာ တွေ့ရပါတယ်။
ဒီရည်မှန်းချက်မစ်ရှင်ရဲ့ မဟာဗျူဟာ မူဘောင်ကို ထုတ်ပြန်ကြေညာရာမှာ ရည်မှန်းချက် (၁) အနေနဲ့ မြန်မာနိုင်ငံမှ စတင်ဖြစ်ပေါ်လာတဲ့ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေမှ အမေရိကန် နိုင်ငံသားတွေနဲ့ နိုင်ငံတော်ကို ကာကွယ်ဖို့လို့ ဖော်ပြခဲ့ပါတယ်။ ဒီအတွက် အမေရိကန်အစိုးရက မြန်မာနိုင်ငံ အာဏာပိုင်တွေနဲ့ နေရပ်ပြန်ပို့ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံနဲ့ ဆက်နွှယ်နေသော ရာဇဝတ်မှုဆိုင်ရာ ကွန်ရက်များကို နှောင့်ယှက်ဖျက်ဆီးမယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံသားများ အမေရိကန်နိုင်ငံအတွင်း ခွင့်ပြုကာလထက် ကျော်လွန်နေထိုင်မှုနှုန်းကို သုညအထိ လျှော့ချခဲ့ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းလိမ်လည်မှုတွေကို တိုက်ဖျက်နိုင်စွမ်း ပိုမိုကောင်းမွန်လာစေဖို့အတွက် ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် ရရှိရေးကိုလည်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။
မဟာဗျူဟာမူဘောင်ရဲ့ ရည်မှန်းချက် (၂) ကတော့ အမေရိကန် ပို့ကုန်တွေအတွက် အခွင့်အလမ်းတွေ တိုးချဲ့ခြင်းဖြင့် ကုန်သွယ်မှုလိုငွေပြမှုကို ဖြေရှင်းဖို့ပါပဲ။ ဒီရည်ရွယ်ချက်အရ အမေရိကန်ဒေါ်လာ ငါးသန်းကျော် တန်ဖိုးရှိတဲ့ အဓိကစီးပွားရေး ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး သုံးခုကို မြန်မာနိုင်ငံမှာ ရယူဖို့လည်းရှိတယ် ဆိုပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ အမေရိကန်ပြည်ထောင်စုကို အဓိက ကုန်သွယ်ဖက်နဲ့ ကုန်ပစ္စည်းပံ့ပိုးပေးသူအဖြစ်ရပ်တည်နိုင်စေဖို့ပါ ဦးတည်ကြိုးစားသွားမယ် ဆိုပါတယ်။
ဒီရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ပစ်မှတ်ထား ဆောင်ရွက်မှုများ ပြုလုပ်ခြင်းအားဖြင့် အမေရိကန်အနေနဲ့ ကုန်ပစ္စည်းတွေနဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေ မြန်မာနိုင်ငံမှ တင်သွင်းမှုကို သုံးဆအထိ တိုးမြှင့်ဖို့ ဦးတည်ဆောင်ရွက်သွားမယ်ဆိုပါတယ်။
ရည်မှန်းချက် (၃) မှာတော့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုမယ့် အခြေအနေတွေကို မြှင့်တင်ဖော်ဆောင်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒီရည်မှန်းချက်အရ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုဆီကို ဦးတည်စေမယ့် တိုက်ခိုက်မှုတွေ ရပ်စဲရေးနဲ့ ခိုင်မာသော အပစ်အခတ်ရပ်စဲရေး ရရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေကို ပံ့ပိုးကူညီသွားမှာပါ။
ဒီလိုဆောင်ရွက်နိုင်ခြင်းအားဖြင့် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်စေပြီး အခြားသော ဒေသတွင်းပါဝင်ပတ်သက်သူတွေနဲ့ နှိုင်းယှဉ်ရင်လည်း အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အဆင်သင့် ဖြစ်စေမယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုအဖြစ် မြန်မာနိုင်ငံကို ဖန်တီးပေးနိုင်ဖို့အထိ အမေရိကန်အစိုးရက မျှော်လင့်ထားပါတယ်။
ရည်မှန်းချက် (၄) အနေနဲ့တော့ ဒေသတွင်း သြဇာလွှမ်းမိုးမှု တိုးမြှင့်နိုင်ဖို့အတွက် အမေရိကန်ရဲ့ ထိတွေ့ ဆက်ဆံမှုတွေကို တိုးချဲ့သွားဖို့ အမေရိကန်အစိုးရက ဆက်လက်လုပ်ဆောင်သွားမယ် ဆိုပါတယ်။
ဒီမှာ မြန်မာနိုင်ငံအတွင်း အမေရိကန်အဖို့ လွှမ်းမိုးမှုကို အားကောင်းလာစေဖို့အတွက် လုပ်ငန်းအဆင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို တိုးချဲ့တာ၊ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုတွေက နှစ်နိုင်ငံစလုံးအတွက် မည်သို့ အကျိုးရှိစေတာကို ဖော်ပြတဲ့သတင်းစကားတွေကို ပြည်သူလူထုဆီကို ပစ်မှတ်ထားဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။
အမေရိကန်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအနေနဲ့ မြန်မာနိုင်ငံရှိ အထိခိုက်လွယ်ဆုံး လူဦးရေရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်း (လူဦးရေ ၃ သန်းခန့်) ထံကို ထောက်ပံ့မှုတွေ ရောက်ရှိစေဖို့ ဆောင်ရွက်မယ်လို့လည်း ဒီရည်မှန်းချက်က ဖော်ပြပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မိမိအကျိုးစီးပွားများကို စောင့်ရှောက်ဖို့နဲ့ ဒေသတွင်း တည်ငြိမ်မှုကို အထောက်အကူပြုခြင်းတို့အားဖြင့် အမျိုးသားလုံခြုံရေး မဟာဗျူဟာဆိုင်ရာ ဦးစားပေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်ဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ အရှေ့တောင်အာရှမှာ တည်ရှိပြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အိမ်နီးချင်းဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် တည်နေရာအပြင် လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် အလွန်အရေးပါသော နိုင်ငံတစ်ခု ဖြစ်လာခဲ့ရတာလို့ ယူဆနိုင်ပါတယ်။ ဒါကြောင့်လည်း သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် အနေနဲ့ အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံအပေါ် မူဝါဒကနေ ခွဲထွက်လာခဲ့တာလို့ ဆိုရမှာပါ။
သမ္မတထရမ့်ပ် အနေနဲ့ “အမေရိကန်ကို ဦးစားပေးသည့် နိုင်ငံခြားရေးမူဝါဒ” (America First Foreign Policy)၊ အမျိုးသားလုံခြုံရေး မဟာဗျူဟာနှင့် နိုင်ငံခြားရေးဌာန၏ မဟာဗျူဟာစီမံကိန်းတို့အပေါ် အခြေခံထားပြီးကျင့်သုံးဆောင်ရွက်နေတာပါ။ အမေရိကန်အစိုးရအနေနဲ့ ဒေသအတွင်း အမေရိကန် ပြည်ထောင်စု၏ သြဇာလွှမ်းမိုးမှုကို ပိုမိုကျယ်ပြန့်လာစေရန်နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လုံခြုံရေးတို့အတွက် စုပေါင်းညီညွတ်သော လုပ်ဆောင်ချက်များကို ဖော်ဆောင်နိုင်ရန်အတွက် အာရှဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် Asia Quad (သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု)၊ Asia Troika (ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု) နဲ့ အာဆီယံ (ASEAN) တို့နဲ့အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးအနေနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားတွေကို မြှင့်တင်ပေးပြီး ဒေသတွင်းတည်ငြိမ်မှုကို ခိုင်မာအားကောင်းစေမယ့် ရလဒ်တွေ ပေါ်ထွက်လာစေရန် အလေးထား ဆောင်ရွက်သွားမှာလည်း ဖြစ်တယ်ဆိုပါတယ်။
ဒါ့ပြင်သက်ဆိုင်သူ အများအပြား ပါဝင်တဲ့ ဆွေးနွေးပွဲ အနည်းဆုံး သုံးခုကို မြန်မာနိုင်ငံအတွင်း စီစဉ် ဆောင်ရွက်ပေးဖို့ အမေရိကန်အစိုးရက ရည်မှန်းပါတယ်။ ဒီဆွေးနွေးပွဲကတစ်ဆင့် မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ်နှင့် နယ်မြေသတ်မှတ်ပိုင်းခြားရေးတို့ကို တိုးတက်စေမယ့် ခိုင်မာသော သဘောတူညီချက်များ ဒါမှမဟုတ် မူဝါဒ အဆိုပြုချက်တွေ ထွက်ပေါ်လာမှာပါ။ ဒါ့ပြင် မြန်မာနိုင်ငံရှိ ပေါများကြွယ်ဝသော ရှားပါးမြေရှားသတ္တုတွေကို ရယူနိုင်မယ့် အခွင့်အလမ်းတွေကို ဖန်တီးပေးမှာဖြစ်သလို၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ လုပ်ကိုင်တဲ့ နေရာတွေ ကို တိုက်ဖျက်ရာမှာလည်း အထောက်အကူပြုမှာပါ။ ဗဟိုအဆင့်၊ ပြည်နယ် အဆင့်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအကြား ကွဲပြားမှုတွေကို လျှော့ချပေးခြင်းအားဖြင့်၊ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်နိုင်မယ့် အုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ပေါ်လာစေဖို့ အခြေအနေကောင်းတွေကို မြန်မာနိုင်ငံမှာ ဖန်တီးပေးနိုင်မယ်လို့ အမေရိကန်အစိုးရကတော့ သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာမစ်ရှင်အပေါ် ယူဆထားတယ်ဆိုပါတယ်။
Ref: US Department of State(gov)