သက်တံ့
၄. ၁၁. ၂၀၂၆
စစ်ပွဲဒဏ်ခံနေရသော မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ဘန်ကောက်မြို့က တွန်းအားပေးသွားမည့် ဒေသတွင်း ထိပ်သီးအစည်းအဝေးမတိုင်မီ ရက်ပိုင်းအလို နိုဝင်ဘာ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်ကို Free Malaysia Today က ယနေ့ဖော်ပြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကက်ကောင်း (Sihasak Phuangketkeow) ၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် တပ်မတော်နှင့် လက်နက်ကိုင်များအကြား တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ ထိုင်းပြည်သူတစ်ဦး ၁၂ ဒသမ ၇ မမ စက်သေနတ်ကြီးကျည်ထိမှန်မှုတွင် ထိုလက်နက်ကြီးမှာ တပ်မတော်က အသုံးပြုနေသောလက်နက် မဟုတ်ကြောင်း ထိုင်းတပ်မတော်ကို အသိပေးထားသည့်အပြင် အကြမ်းဖက်များက ထိုင်းဘက်သို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ဟုပါ နိုဝင်ဘာ ၁၁ ရက်က တုံ့ပြန်ခဲ့သည်။
အင်္ဂါနှောင်းပိုင်းက ကြေညာခဲ့သည့် စီဟာဆက်၏ ခရီးစဉ်ကို နိုဝင်ဘာ ၁၆ ရက်မှ ၁၈ ရက်အထိ မနီလာမြို့တွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ သွားရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။
ထိပ်သီးအစည်းအဝေး မတိုင်မီ မိမိတို့အစိုးရအနေဖြင့် “မြန်မာနိုင်ငံ၏ နောက်ဆုံးအခြေအနေနှင့် သဘောထားကို ကြားသိလိုကြောင်း” ပေကျင်းမြို့ရှိ သတင်းထောက်များကို စီဟာဆက်က ပြောကြားခဲ့သည်။
“ပဋိပက္ခမှာ ပါဝင်သူအားလုံးဘက်က တင်းမာမှုတွေ လျှော့ချတာဟာ မရှိမဖြစ်လိုအပ်တဲ့ ဆွေးနွေးပွဲတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကောင်းမွန်တဲ့ အခင်းအကျင်းတစ်ခုကို ဖန်တီးပေးရာ ရောက်ပါလိမ့်မယ်” ဟု စီဟာဆက်က ပြောကြားခဲ့သလို “ဒီကိစ္စတွေမှာ တိုးတက်မှုတွေရှိလာရင် မြန်မာနိုင်ငံရဲ့ အာဆီယံ အစည်းအဝေးတွေမှာ ပါဝင်မှုအပါအဝင် မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှေ့ဆက် ဘယ်လိုသွားမလဲဆိုတာကို ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ အာဆီယံက သုံးသပ်ဆုံးဖြတ်ဖို့အတွက် ပေါင်းစည်းဆောင်ရွက်စရာ အပြုသဘောဆောင်တဲ့ အချက်တစ်ချက် ဖြစ်လာပါလိမ့်မယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဧပြီလက မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည့် စီဟာဆက်က နိုဝင်ဘာ ၁၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေနှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံရန်အတွက်လည်း “စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင် ဘန်ကောက်သည် ဦးတင်မောင်ဆွေနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏ နိုင်ငံခြားရေးဝန်ကြီးများအကြား တွေ့ဆုံပွဲတစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ထိုတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း အလားတူ ပထမဆုံး စုဝေးပွဲလည်း ဖြစ်ခဲ့သည်။ နောက်လဩဂုတ်တွင် ဦးမင်းအောင်လှိုင်သည် ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) နှင့် တွေ့ဆုံခဲ့ပြီး နှစ်ပတ်အကြာတွင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများအပြီး ဧပြီလတွင် ဦးမင်းအောင်လှိုင်သည် အရပ်ဘက် သမ္မတအဖြစ် တာဝန်ယူခဲ့သည်။ ထိုအချိန်မှစ၍ ဦးမင်းအောင်လှိုင်အား အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံအချို့အပါအဝင် ဒေသတွင်းနိုင်ငံများက အနီရောင်ကောဇောခင်း၍ လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်။
မနီလာထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံက အဆင့်မြင့် အစိုးရဝန်ထမ်းတစ်ဦးကို စေလွှတ်လိမ့်မည်ဟု မျှော်လင့်ရသည်။
Ref: FMT