


နေပြည်တော် နိုဝင်ဘာ ၄
လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဇနီး ဒေါ်နီလာ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ရုံးသို့ရောက်ရှိကြရာ စစ်သံမှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာစစ်သံရုံးရှိ ဝန်ထမ်းများနှင့် ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံရာ ဦးစွာ စစ်သံမှူး၊ စစ်သံရုံး ဝန်ထမ်းများနှင့် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မြန်မာ-လာအိုနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက နှစ်နိုင်ငံခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှုများရှိခဲ့ကြောင်း၊ ထို့အပြင် အာဆီယံအဖွဲ့သို့ တစ်ချိန်တည်းဝင်ရောက်ခဲ့ကြသည့် နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ရပ်တည်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၎င်းအပြင် မိမိတို့နှစ်နိုင်ငံသည် ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံများ များစွာတူညီကြပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် ချစ်ကြည်ရင်းနှီးမှုဖြင့် ကောင်းမွန်သောဆက်ဆံရေးရှိသည့် မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူရသည့် ကဏ္ဍအလိုက် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့်အမျိုးသားအကျိုးစီးပွားကို ကာကွယ်မြှင့်တင်ရာတွင် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာတာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ စစ်သံရုံးသည် နိုင်ငံအချင်းချင်းဆက်ဆံရေးတွင် သံတမန်အရ အထောက်အကူပြုနိုင်ရန်နှင့် တပ်မတော်အချင်းချင်းဆက်ဆံမှုတွင် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်သဖြင့် တာဝန်ပေးအပ်ရာတွင်လည်း အရည်အချင်း၊ စိတ်ဓာတ်စည်းကမ်းအရ အဆင့်ဆင့်စိစစ်၍ နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာရှိစွာအမှုထမ်းနိုင်သူများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် တာဝန်ထမ်းဆောင်ခွင့်ရခြင်းဖြင့် သားသမီးများ၏ ပညာရေးနှင့်အသိအမြင် ကျယ်ကျယ်ပြန့်ပြန့်မြှင့်တင်ပေးနိုင်မည်ဖြစ်၍ အကျိုးရှိစွာအသုံးချနိုင်ရန် လိုကြောင်း။
သင်တန်းသားများအနေဖြင့် တပ်မတော်၏ အနာဂတ်လူ့စွမ်းအားအရင်းအမြစ်အတွက် ရင်းနှီးမြုပ်နှံမှုဖြစ်၍ သင်ယူနေသောဘာသာစကားကို ကျွမ်းကျင်စွာတတ်မြောက်အောင် သင်ကြားကြရန်လိုကြောင်း၊ သင်ကြားပေးသည့်အတတ်ပညာများကို အလေးအနက်ထားသင်ယူသွားကြရန်လိုပြီး အမြဲမပြတ်လေ့လာအားထုတ်နေကြရမည်ဖြစ်ကြောင်း၊ သင်ယူရရှိလာသည့် အသိပညာ၊ အတတ်ပညာများကို မိမိတို့ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် ထိရောက်စွာ ပြန်လည်အသုံးချကြရန်၊ မိမိနိုင်ငံအတွက် အားကိုးရသည့်သူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် တာဝန်ထမ်းဆောင်ချိန်နှင့် သင်တန်းကာလတစ်လျှောက် တွေ့ကြုံရသည့် နိုင်ငံတကာဆက်ဆံရေးအတွေ့အကြုံကောင်းများကို ကောင်းမွန်စွာရရှိရေး လေ့လာသင်ယူသွားရန်လိုကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ပြဌာန်းထားသည့်ဥပဒေနှင့် စည်းကမ်းများကိုလည်း တိကျစွာလိုက်နာစောင့်ထိန်းရန်နှင့် ၎င်းတို့၏ ဘာသာ၊ ယဉ်ကျေးမှုစံနှုန်းများကို သိရှိပြီး လေးစားတန်ဖိုးထားကြရန်လည်း လိုကြောင်း၊ မိမိဘဝအတွက်၊ မိမိလူမှုအဖွဲ့အစည်းအတွက်နှင့် မိမိတပ်မတော်အတွက် ပတ်ဝန်းကျင်မှကောင်းမွန်သောအလေ့အထများကို အတုယူကျင့်ကြံသွားရန်လိုကြောင်း၊ နေထိုင်စဉ်ကာလအတွင်း သက်ဆိုင်ရာနိုင်ငံ၏ ဘာသာစကားကို ကျွမ်းကျင်အောင်လေ့ကျင့်သင်ယူသွားရန်နှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဥပဒေများကို သိရှိအောင်လေ့လာ၍ စည်းကမ်းနှင့်အညီ နိုင်ငံနှင့်တပ်မတော်၏ ဂုဏ်သိက္ခာအတွက် စနစ်တကျ နေထိုင်သွားကြရန်လိုကြောင်း၊ နိုင်ငံချစ်စိတ်ဖြင့် နိုင်ငံတော်၊ တပ်မတော်နှင့် မိသားစုအပေါ် သစ္စာစောင့်သိကြရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်သံရုံးမိသားစုများနှင့် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗီယင်ကျန်းမြို့ရှိ That Luang ဘုရားကျောင်းသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များ၏ ဗိသုကာအနုပညာလက်ရာများ၊ လာအိုဘုရင်ဟောင်းများ၏ ရုပ်တုများအား စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို လေ့လာကြည့်ရှုကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ဘုရားကျောင်းဘက်စုံပြုပြင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှေးဟောင်း ဗိသုကာလက်ရာများနှင့် ဗုဒ္ဓဆင်းတုတော်များကင်းဝပ်စံပယ်ရာ Wat Si Saket ဘုရားကျောင်းသို့ ရောက်ရှိဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံသံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Masenai အား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းပိဋကတ်တိုက်အတွင်း ပေစာနှင့်ကျမ်းစာများစနစ်တကျထိန်းသိမ်းထားရှိမှုနှင့် လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာဆိုင်ရာအနုပညာလက်ရာများနှင့် သမိုင်းဝင်အမွေအနှစ်များကို လှည့်လည်ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။
#News #Myanmar
