
ဆူးငှက်
မြေကြောင့် ချမ်းသာလာကြတယ် ———————————– တကယ်တော့ သရက်ကုန်းရပ်ကွက်တွင် ရွာနေပြည်ထိုင် ကနဦးနေထိုင်ကြသူများက ရိုးသားကြပါသည်။ အများစုက လက်လုပ်လက်စားများ ဖြစ်သည်။ လက်လုပ်လက်စားများဘဝမှ လုပ်ရည်ကိုင်ရည်ဖြင့် ကြီးပွား တိုးတက်ကြသူများလည်း ရှိသည်။ ထို့ပြင် လက်ထဲ ငွေစကြေးစလေးများ ရှိလာသောအခါ ရပ်ကွက်ထဲက မြေကလေးတွေ ဝယ်ထားသူများကလည်း အသစ်ရောက်လာသူများက ဝယ်ကြလို့ အမြတ်အစွန်းတွေရလာကြပြီ။ ဆိုပါတော့ ရပ်ကွက်လေး လိမ့်လိမ့်လဲလဲ ကသောင်းကနင်း ဖြစ်စဉ်က ကြောက်လန့်ပြီး ငွေပေါ်ရောင်းကြသူများထံက မြေအကျယ်အဝန်းအလိုက် ၃သိန်းမှသည် ၁၀သိန်းအထိ ဝယ်ထားသူများက ၂၀၁၃ – ၁၄ ဝန်းကျင် ဂရန်တွေ ချပေးမည်ဆိုသောအခါ ဆယ်ကြီးဂဏန်းတွေ ရကုန်သည်။ တဖန် ပိုမို အမြင်ကျယ်သူက ၃သိန်း ၄သိန်းလောက်နှင့် ဝယ်ထားသော မြေပေါ်တွင် ၂ထပ်တဲကြီးတွေ ထိုးကာ ၈ပေပတ်လည်အခန်းတွေဖွဲ့ပြီး အဆောင်ဖွင့် ငှားစားကြသည်။
ထိုတစ်ခန်းကို တစ်လလျှင် ၃သောင်းမှသည် ၆သောင်းအထိ ပေးရပြီး လူ၂ယောက် ၃ယောက် စုစပ်နေကြသည်။ မန္တလေးမှာ ပျံကျလာရောက်လုပ်ကိုင်ကြသည့် ယာယီအလုပ်သမားများ ပေါများသောကြောင့် ထိုအဆောင်တွေက အလုပ်ဖြစ်ကြ၏။ ထို့ပြင် လချင်းပေးဖြစ်သောကြောင့် နေထိုင်သူအတွက်လည်း အဆင်ပြေသည်။ ထိုအဆောင်များတွင် လင်မယား မိသားစု စသူတွေလည်း နေထိုင်ကြ၏။ အများစုကတော့ ယောက်ျားလေး မိန်းကလေးလူလွတ်တွေ များသည်။ ထိုအခါ ကောင်းရောင်းကောင်းဝယ် ရှိသလို လုပ်စားကိုင်စားများလည်း ပါလာတာ ထုံးစံဖြစ်သည်။ တဖန် ထိုအများစုထဲမှ ကုမ္ပဏီ ဝန်ထမ်းကဲ့သို့ ကျောင်းလာတက်သူကဲ့သို့ ကောင်းရောင်းကောင်းဝယ် မိန်းမပျိုလေးများအတွက် လုံခြုံ စိတ်ချရသော သီးသန့်အခန်းများ ငှားရမ်းကြသည့် အိမ်များလည်း ရပ်ကွက်ထဲမှာ ရှိလာသည်။
ထိုစဉ်ကာလ ၂၆ဘီလမ်းမက ပြင်ဦးလွင်တက်သည့် မြို့ပတ်လမ်းနှင့် ဆက်စပ်ဖြောင့်ဖြူးသွားသောအခါ ယခင် သိပ္ပံလမ်း မနော်ဟရီလမ်းတို့တွင် ခေတ်စားခဲ့သော ကေတီဗီများလည်း ရပ်ကွက်ဝန်းကျင်တွင် အပြိုင်းအရိုင်း ပေါ်ပေါက်လာသည်။ အထူးသဖြင့် သရက်ကုန်းရပ်ကွက်လေးနှင့် ၂၆ဘီလမ်းခြားပြီး တောင်ဘက်ကပ်ရက်တွင် မန္တလေး၌ အကြီးဆုံးဟု ဆိုနိုင်မည့် ကေတီဗီကြီးလည်း ဟည်းထမျှ ဖွင့်လှစ်သည်။ ထို ကေတီဗီများတွင် ဝန်ထမ်းလေဒီလေးတွေက ရာချီရှိသတဲ့။ တချို့က ကေတီဗီ၏ အဆောင်တွင် နေထိုင်ကြသော်လည်း အများစုက အပြင်အဆောင်မှာပဲ လွတ်လပ်စွာ နေထိုင်လိုကြသောအခါ လမ်းပဲ ကူးရသည့် ကျွန်တော်တို့ရပ်ကွက်ထဲတွင် တစ်လလျှင် သိန်းချီပေးရသည့် တိုက်ခန်းငှား လုပ်ငန်းလည်း တွင်ကျယ်လာတော့သည်။
ထိုကေတီဗီများကြောင့် ရပ်ကွက်ထဲက လူငယ်များနှင့် လူလတ်ပိုင်း အမျိုးသမီးတွေ အလုပ်ရကြသည်။ လုံခြုံရေးတဲ့၊ စားဖိုဆောင်တဲ့၊ ပင်းမင်းတဲ့၊ အဆောင်မှူးတဲ့။ ရပ်ကွက်ထဲမှာလည်း မနက်၅နာရီခွဲ ၆နာရီလောက် ကျွန်တော် လမ်းလျှောက်ထွက်လျှင် မိတ်ကပ်မပြယ်သေးသော လေဒီလေးတွေ ဇီးရိုးကွာတားလေးတွေနှင့် သူတို့ အခန်းသို့ ပြန်နားကြတာ အုပ်လိုက်တွေ့ရပြီ။ အချို့က ပြန်ပင် မနားနိုင်ကြဘဲ ကေတီဗီနှင့် ရပ်ကွက်ကြား ၂၆ဘီလမ်းမဘေး မနက်မလင်းမီကတည်းက စောင့်နေသည့် မှန်မည်းချထားသော ကားတွေပေါ် အလျှိုလျှို တက်လိုက်ကာ အလုပ်ခွင် တစ်နေရာ ဝင်ကြတာလည်း တွေ့နေရပါပြီ။
မီနီအိုးဝေတွေ ပေါတဲ့နေရာ —————————– ထို့ပြင် ရပ်ကွက်ထဲမှာ ထူးထူးခြားခြား တုတ်တုတ်ခေါ် မီနီအိုးဝေလေးတွေလည်း အိမ်အတော်များများမှာ တွေ့လာရသည်။ ထိုမီနီအိုးဝေလေးတွေ အများစုက ပိုက်ဆံပေါသော လေဒီလေးတွေက ထောင်ထားတာတဲ့။ သူတို့က မီနီအိုးဝေလေး ဝယ်ပြီး မောင်းမည့်သူကို အပ်ထားသည်။ သူတို့က မနက်တကြိမ် ညနေတကြိမ် သူတို့သွားလိုသည့်နေရာ လိုက်ပို့ပေးရမည်။ ကျန်အချိန်တွင် အပ်ခံထားရသူက ပါဆင်ဂျာများနှင့် အခကြေးငွေယူပြီး လိုက်နိုင်သည်။ ရသည့်ငွေကြေးကို အပ်ခံထားရသူက ယူပါလေ၊ ထိုငွေကြေးထဲမှ အုံနာကြေး တစ်ရက် ငွေကျပ် ၇၀၀၀ ကိုပဲ အုံနာ လေဒီလေးကို ပေးရုံပဲလေ။ ထိုအခါ ၉တန်း ၁၀တန်း လူငယ်လေးတွေက မီနီအိုးဝေသမားလေးတွေ ဖြစ်ကုန်တော့သည်။ ထို့ပြင် ရပ်ကွက်ထဲတွင် ဂျပန်ယူ့ အဝတ်လျော်စက်တွေ ဝယ်ပြီးလည်း ပင်းမင်းတွေလည်း ပေါ်လာသည်။ လေဒီလေးတွေ၏ အဝတ်အစား အိပ်ရာ အိပ်ရာခင်းတွေ လျှော်ပေး မီးပူတိုက်ပေး အိပ်ရာရှင်းပေး အိပ်ရာခင်းပေးရသည်။ သူတို့က အကျိုးဆောင်ခအဖြစ် လစဉ် ငွေကျပ် ၃သိန်းလောက်ထိပေးကြသတဲ့။
ထို့ပြင် လျှော်ရမည့် အင်္ကျီအိတ်ထဲက ပိုက်ဆံတွေပါရင်လည်း ယူခိုင်းသတဲ့။ တခါတလေများ ဒေါ်လာ ရာတန်တွေပင် ရကြသတဲ့။ သရက်ကုန်းသို့ ကျွန်တော်ရောက်စတွင် အိမ်သို့ တောက်တိုမယ်ရ ခေါ်ခိုင်းသူ အဝတ်လာလျှော်ပေသူ ကိုကိုမမတွေကို ထိုစဉ်က ငွေတစ်ထောင်တန်လောက်ပေးလိုက်လျှင် ပျော်လို့။ အခု ထိုကိုကို မမများကို လိုအပ်လျှင် ခေါ်လို့မရတော့ပေ။ သူတို့ အဝတ်လျှော်စက်ကိုယ်စီနှင့် လစဉ် သိန်းချီ ဝင်နေကြပြီလေ။ ထိုသို့ လေဒီလေးတွေနှင့် ရပ်ကွက်လေးက အလုပ်ဖြစ်ကြရာတွင် ကြားဖြတ်ပြီး လေဒီလေးတွေက ကေအက်ဖ်စီ ကြက်သားကြော်ဝယ်ပေးပါဦး၊ ဒေါင်းလန်းကြီးက ဟင်းဝယ်ပေးပါဦး၊ ရွှေလီက ငါးသံပုရာ ဝယ်ပေးပါဦး၊ ဗထူးမြီးရှေ ဝယ်ပေးပါဦးဆိုကာ တစ်ယောင်းတန် အုပ်ထဲက ၂ရွက် ၃ရွက် ဆွဲနှုတ်ပေးပြီး ပိုတာပြန်မပေးနဲ့ ဒလီဖိုးယူလိုက်ဆိုလို့ အိမ်ဦးနတ် ကိုကို ဦးဦးတွေလည်း ဆိုင်ကယ်လေးနှင့် အလုပ်ဖြစ်ကြပြန်၏။
အအေးသောက်သူများ၊ ကော်ဖီသောက်သူများ ———————————————— သည်အထဲတွင် ကံထူးသူ မောင်ရှင်တစ်ယောက် နှစ်ယောက်ကလည်း တစ်ခါတရံ ထီပေါက်တတ် ပါသေးသည်။ အဖြစ်က ဒီလိုပါ။ တချို့လေဒီလေးတွေက သူတို့ငှားထားသည့် တိုက်ခန်းမှာပင် အပြင်အလုပ်ကို လုပ်တတ်ကြသည်။ တိုက်ခန်းမျက်နှာစာမှာတော့ အအေးဆိုင် ကော်ဖီဆိုင် စသည်ဖြင့် ဆိုင်းဘုတ်လေး ချိတ်ထားသည်။ လူမြင်နိုင်သည့် နေရာမှာ ကောင်တာလေးနှင့် အအေးဘူးလေးတွေ ကော်ဖီစက် ကော်ဖီခွက်လေးတွေ ထည့်ထားမည်။ ထိုင်ခုံလေး စာပွဲလေး တစ်စုံလောက် ချထားမှာပေါ့။ သူတို့ဆီ အအေးလာသောက် ကော်ဖီလာသောက်သူတွေက အကောင်းစားကားတွေနှင့် ပင်တိုင် ဖောက်သည် တွေဖြစ်သည်။ ရပ်ကွက်ကလည်း အအေးလာသောက်ကြသူတွေပဲဟု အစက ထင်ကြသည်။ သူတို့က အအေးကောင်တာထဲက လစ်ပိုပုလင်းလေး၊ ရေသန့်ဘူးလေးဆွဲပြီး အပေါ်ထပ် တက်သွားကြတာပါပဲလေ။ သိုသိုသိပ်သိပ်ပါပဲ။ တစ်ညသားမျာပဲ မသိုမသိပ်ဖြစ်သွားတာက အပေါ်ထပ်မှာ အအေးသောက်သူ မျာလို့ထင့်၊ ဆာလောင် မွတ်သိပ်လွန်းသူကြီးက သူ့ကားပေါ်မှာတင် မှန်ချပြီး ခပ်ကြမ်းကြမ်းလေး အအေး တစ်ပုလင်းပြီး တစ်ပုလင်း သောက်လိုက်တော့ တဂွတ်ဂွတ် အသံတွေထွက် ကားတစ်စီးတည်း ငလျင်တွေ လှုပ်လို့ အိမ်နီးနားချင်းများ၏ သံသယက အတည်ဖြစ်သွားတော့သည်။ တစ်ရက်သား တစ်ညဦးပိုင်းတွင် ထိုခပ်ကြမ်းကြမ်း အအေး သောက်တတ်သည့် ဆာလောင် မွတ်သိပ်လွန်းသူကြီးက လေဒီလေး ၂ယောက်နှင့် တစ်ညလုံး အအေးသောက် မယ်တဲ့။ အအေးဖိုးလည်း စို့စို့ပို့ပို့ ပေးမယ်တဲ့။ အကောင်းဆုံးပြုစုပေးရမယ်တဲ့။ သည်တော့ လေဒီ၂ယောက်လည်း ခရီးဝေး ထွက်ရမှာမို့ ယာဉ်ကြံ့ခိုင်ရေးအတွက် ကြိုတင်ပြင်ဆက်ရပြီလေ။
နေသေးသပါ့ ချုံထဲက ချိုသွေးသပါ့ တမြမြ ———————————————– ဘယ်ရမလဲ၊ သည်မှာက တစ်ပွဲထိုးဆေးတွေက အဆင်သင့်။ ကာစတန်မာလာမယ်ဆိုတဲ့ မနက်ကတည်က ရေမိုးချိုး သန့်ရှင်း ဖြီးလိမ်း ကရိုင်းသ ပြင်ဆင်ပြီးပြီလေ။ ဆေးလည်း သုံးပြီး အဲ သောက်ပြီးပြီ။ ၂၆ဘိလမ်းဘက်က သူ့ကားချိုးဝင်လာကာ အချက်ပေး ဟွန်းသံကြားကတည်းက ကနဦးဆေးအစွမ်းပြပြီ။ လာခဲ့စမ်း အစ်ကိုလေးပေါ့။ ကားက တိုက်ခန်းရှေ့ရောက်ပြီ။ မျာထားလို့ အကူကောင်မလေးက သံတံခါးဆွဲဖွင့်ပေးထားပြီ။ ကားက တိုက်ခန်းရှေ့ ငြိမ့်ခနဲ ရပ်ပြီး တော်တော်နှင့် ကားတံခါးမပွင့်၊ တော်တော်နှင့် ဆင်းမလာ၊ အိမ်ပေါ်က ဆေးတန်ခိုးကြောင့် ဘွိုင်လာဆူကာ အင်ဂျင်နှိုးရန် အသင့်ဖြစ်နေသည့် လေဒီ၂ယောက်က ပြတင်းပေါက်က အောက်ဘက် ကားဆီကြည့်ရင်း အချိန်အတော်ကြာသည်အထိ ဆင်းမလာသည့် ကာစတန်မာကို လှမ်းကြည့်လိုက် သူတို့ချင်းလည်း ာကည့်လိုက်နှင့် နောက်ဆုံး ဖုန်းဆက်ကြည့်တော့လည်း လူကြီးမင်းခေါ်ဆိုသည့် ဖုန်းမှာ လိုင်းမအားပါချည်း အော်နေတော့၏။
မကြာပါ၊ ရပ်ထားသော ကားနောက် ကားအဖြူလေးတစ်စင်း ထိုးဆိုက်လာသည်။ ကားပေါ်က အရွယ်လတ် အမျိုးသမီးတစ်ဦး ကားတံခါးကို ဆောင့်ဖွင့်၍ ဆင်းလာသည်။ ရပ်ထားသည့် ကားတံခါးကို ဆင်းလာဖို့ မှန်ဖွင့်ဖို့ တဒုန်းဒုန်းထုနေသည်။ ရပ်ထားသော ကားကလည်း မှန်မချ တံခါးမဖွင့် ဆင်းလည်းမဆင်းဘဲ ကားကို မောင်းထွက်သည်။ ဘေးအိမ်တွေက ထွက်ကြည့်နေကြသည်။ စပ်စုမတွေလေ။ ရှေ့က မောင်းထွက်သါားသော ကားကို လက်ညှိုး ငေါက်ငေါက်ထိုး၍ အော်ရင်း အမျိုးသမီးက သူ့ကားပေါ်ပြန်တက်သည်။ ကားတံခါးကို ဆောင့်ပိတ်၍ ရှေ့ကားနောက် လိုက်သည်။ သိသာလွန်းတာက ခိုးကြောင်ခိုးဝှက် ထွက်လာသော သူ့ယောက်ကျားကားနောက် မိန်းမက သူ့ကားနှင့် နောက်ယောင်ခံလိုက်လာကာ အမိဖမ်းခြင်း ဖြစ်သည်။ သွားပြီ၊ ပွဲပျက်ပြီ။ လေဒီ၂ယောက်က နွဲလိုက်စမ်းမယ် တောင်းလိုက်စမ်းမယ်ဟု အားခဲကာ သုံးစွဲထားသည့် ဆေးတန်ခိုးအပြတွင် ခြေပစ်လက်ပစ် ဖြစ်သွားတော့၏။
“သူတို့က အတော်ပြင်ဆင်ထားတာ ဆရာရ၊ ဟိုလူကလည်း သူ့စိတ်ကြိုက်ဆို တောင်းသလောက်ပေးမှာ၊ အရင်ကလည်း သူတို့က တွေ့ဖူးနေကျမို့ လေဒီတွေက သေချာဆေးသောက်ပြီး ပြင်ဆင်ထားတာ၊ ပွဲလည်းပျက်ရော အင်ဂျင်က မောင်းနေပြီလေ၊ ဒရိုင်ဘာက မရှိဘူးဖြစ်ရော၊ နောက်ဆုံး သူတို့ ထောင်ပေးထားတဲ့ အိုးဝေက ကောင်လေး၂ယောက် ဖုန်းဆက်ပြိး လှမ်းခေါ်ရတော့တာ၊ ဟာ..ဆရာကလည်း စာရေးဆရာဖြစ်ပြိး ညံ့လိုက်တာ၊ ဘယ့်နှယ် အပြင်ထွက်ဖို့ ခေါ်တာမဟုတ်ဘူးလေ၊ ရေနွေးငွေ့ဆူပြီး တဝုန်းဝုန်းဖြစ်နေတဲ့ အင်ဂျင်ကို မောင်းခိုင်းတာဗျ၊ အင်ဂျင်ပါဝါရှိသလောက် စိတ်ကြိုက်မောင်းခိုင်းတာ၊ ကောင်လေး၂ယောက်လည်း အဲ့ဒီနေ့ အိုးဝေထွက်စရာလည်းမလို၊ အုံနာကြေးလည်း ပေးစရာမလို၊ မုန့်ဖိုးတောင် စို့စို့ပို့ပို့ ရလိုက်သေးတာ၊ တန်တယ် ဆရာရေ” တဲ့။ ကျွန်တော်ငှားစီးတဲ့ အရပ်ထဲက အိုးဝေဆရာက ပြောပြတာကို ဖောက်သည်ချတာပါ။ ကျွန်တော်တို့ရပ်ကွက်က အဲ့သလို ဟောလိဝုဒ် ဇာတ်လမ်းတွေ ဖြစ်နေတာတဲ့ဗျ။
ဆူးငှက်