Myanmar Digital News

ဟိုင်းကြီးကျွန်းမြို့ ကုန်းတန်းကျေးရွာ၌ နေလှန်းဆား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိ

ပုသိမ် နိုဝင်ဘာ ၅

 

ဟိုင်းကြီးကျွန်းမြို့ ကုန်းတန်းကျေးရွာ ဆားတောင်သူ ဦးမြင့်နိုင်၏ ဆားကွင်း၌ ဆားထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ နေလှန်းဆားကြမ်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ကုန်းတန်းကျေးရွာ ဘိုးကြာ ပန်းတံတား ပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ယမန်နေ့ ညနေပိုင်းကလည်း ဟိုင်းကြီးကျွန်းမြို့ အမှတ်(၃)ရပ်ကွက်ရှိ ရွှေဟိုင်းကြီး ငါး၊ ပုစွန် အအေးခန်းစက်ရုံ၏ ငါး၊ ပုစွန်များ ဝယ်ယူစုဆောင်းခြင်း၊ သန့်စင်ပြုပြင်ထုပ်ပိုးခြင်း၊ အအေးခန်းစနစ်ဖြင့် သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပြည်တွင်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်တို့သို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ နေ့စဉ် သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေးအတွက် လမ်းများရေရှည်အသုံးပြုနိုင်အောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။  

တိုင်းဒေသကြီး(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News