Myanmar Digital News

ဘားအံစက်မှုဇုန်၌ ဒေသတွင်း တိရစ္ဆာန်အစာဖူလုံစေရေး Gold Feed အစာစပ်စက်ရုံဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၅

 

နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသတွင်း တိရစ္ဆာန်အစာဖူလုံစေရေး၊ အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းချိုသာသော အစာများကို အလွယ်တကူ ဝယ်ယူရရှိနိုင်စေရေးအတွက် Gold Feed အစာစပ်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံ - လှိုင်းဘွဲ ကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန် ဇုန်အမှတ်(၂)၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက Gold Feed အစာစပ်စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံပိုင်ရှင်က ကြက်စာမှုန့်အိတ် ၂၀ ကို ပြည်နယ်အစိုးရအဖွဲ့သို့ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး Gold Feed အစာစပ်စက်ရုံအတွင်း ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်အစာ ထုတ်လုပ်သောစက်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

ဘားအံစက်မှုဇုန်၏ စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စက်ရုံ ၁၁ ရုံ အသစ်တည်ဆောက်နိုင်ခဲ့ကာ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးငွေကျပ် ၁၁၀၈ သန်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စက်ရုံ ၁၆ ရုံ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးငွေကျပ် သန်း ၆၄၅၀ တိုးတက်ခဲ့ကာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် စက်ရုံသုံးရုံ အသစ်တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် သန်း ၃၈၀၀ တိုးတက်လာကြောင်း အဆိုပါ စက်ရုံဖွင့်ပွဲမှ သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ပြည်နယ် ပြည်သူ့ဆေးရုံကြီး (ဘားအံ)၏ လေးခန်းတွဲလေးထပ် ဆရာဝန်အိမ်ရာ အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်ပြီး အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ အဆောက်အအုံ သစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြားရေးမှူးက ဆရာဝန်အိမ်ရာ အဆောက်အအုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီးထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News