Myanmar Digital News

ကောက်ပဲသီးနှံများ ဓာတ်ကြွင်း ကင်းစင်ရေး တောင်သူတိုင်း GAP စနစ်ကျင့်သုံး စိုက်ပျိုး

ကောက်ပဲသီးနှံများတွင် ပိုးသတ်ဆေးနှင့် ဓာတုဓာတ်ကြွင်းကင်းစင်ရေးသည် စားသုံးသူများ၏ ကျန်းမာရေးဘေးကင်းလုံခြုံမှုအတွက်ရော လယ်ယာထွက်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်ပါ လွန်စွာအရေးကြီးသည်။ စိုက်ပျိုးထွက်ကုန်သီးနှံများနှင့် ဟင်းသီးဟင်းရွက်များတွင် ကျန်ရှိနေတတ်သည့် ဓာတုဓာတ်ကြွင်းများထဲတွင် အဓိကအားဖြင့် စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများနှင့် ပတ်ဝန်းကျင်ဆိုင်ရာညစ်ညမ်းမှုများ ပါရှိနေသည်။

 

ကောက်ပဲသီးနှံများတွင် အများဆုံးတွေ့ရှိရပြီး အန္တရာယ်အရှိဆုံးဓာတ်ကြွင်းအမျိုးအစားမှာ စိုက်ပျိုးရေးသုံးပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးဓာတ်ကြွင်းများဖြစ်သည်။ ဓာတ်မြေသြဇာများအလွန်အကျွံသုံးစွဲခြင်းကြောင့် သီးနှံများတွင် ကျန်ရစ်သည့်ဓာတ်ကြွင်းများ၊ မြေဆီလွှာညစ်ညမ်းမှုကြောင့် သီးနှံများက စုပ်ယူမိသော ခဲ၊ အာဆင်းနစ်၊ ကတ်ဒမီယမ်၊ ပြဒါးကဲ့သို့ Heavy Metals များ၊ သီးနှံပင်များ ပန်းအပွင့်မြန်စေရန်၊ အသီးကြီးထွားစေရန်၊ အသီးမှည့်မြန်စေရန်အသုံးပြုသော ဓာတုဟော်မုန်းများနှင့်ဆေးဝါးဓာတ်ကြွင်းများလည်း ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများတွင် ပါရှိနေတတ်သည်။

 

စိုက်ပျိုးရေးသုံးဓာတုပစ္စည်းဓာတ်ကြွင်းများ ခန္ဓာကိုယ်ထဲသို့ရောက်ရှိလာပါက ချက်ချင်းဖြစ်ပေါ်သည့် အန္တရာယ်မှာ အဆိပ်သင့်မှုဖြစ်ပြီး ရေရှည်တွင် ရောဂါဝေဒနာများ စွဲကပ်နိုင်သည်။ Organophosphate နှင့် Carbamate အုပ်စုဝင် ပိုးသတ်ဆေးဓာတ်ကြွင်းများသည် ခေါင်းမူးခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ကြွက်သားတုန်ခြင်းနှင့်လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်သည်။ ဆေးဓာတ်ကြွင်း အနည်းငယ်စီကို နေ့စဉ်ရက်ဆက်စားမိပါက ခန္ဓာကိုယ်ထဲတွင်စုမိလာပြီး သွေးကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ရင်ကျပ်ပန်းနာရောဂါများ ဖြစ်ပွားစေသည်။ ဓာတုဓာတ်ကြွင်းအချို့သည် ခန္ဓာကိုယ်တွင်ရှိ သဘာဝဟော်မုန်းများ၏ လုပ်ငန်းဆောင်တာကို တုပ/ပိတ်ဆို့ပြတတ်သဖြင့် မျိုးပွားစနစ်ကို ထိခိုက်စေခြင်း၊ ကလေးမရနိုင်ခြင်း(မြုံခြင်း)နှင့် သန္ဓေသားကိုယ်အင်္ဂါချို့တဲ့ခြင်းတို့ ဖြစ်စေနိုင်သည်။ ခန္ဓာကိုယ်၏ ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်စွမ်း(Immune System)ကို ကျဆင်းစေသဖြင့် အခြားကူးစက်ရောဂါများ လွယ်ကူစွာဝင်ရောက်စေနိုင်သည်။

 

ပြည်ပသို့တင်ပို့သည့် ပဲ၊ နှမ်း၊ ဆန်၊ အသီးအနှံများတွင် ဓာတ်ကြွင်းစံနှုန်းကျော်လွန်ပါက ကုန်ပစ္စည်းများ ဆိပ်ကမ်းတွင်အပယ်ခံရခြင်း၊ ဖျက်ဆီးခံရခြင်းတို့ကြုံတွေ့နိုင်ပြီး ဓာတ်ကြွင်းများကြောင့် နာမည်ပျက်ပါက မိမိနိုင်ငံထွက်ကုန်များကို ဈေးနှိမ်ခြင်း သို့မဟုတ် ဝယ်ယူမှုလုံးဝရပ်ဆိုင်းခြင်းတို့ ခံရနိုင်သည်။ အီးယူ၊ ဂျပန်၊ ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ၎င်းတို့ထံတင်ပို့လာသည့် လယ်ယာထွက်ကုန်များ၌ ပိုးသတ်ဆေးနှင့်ဓာတုဓာတ်ကြွင်းကျန်ရှိမှုကို အမြင့်ဆုံးဓာတ်ကြွင်းကန့်သတ်ချက် (Maximum Residue Limit-MRL) စံနှုန်းဖြင့် တင်းတင်းကျပ်ကျပ်ထိန်းချုပ်ကန့်သတ်ထားသည်။ အီးယူသည် ကမ္ဘာပေါ်တွင် ဓာတ်ကြွင်း စံနှုန်းအတင်းကျပ်ဆုံးဈေးကွက်ဖြစ်ပြီး ခွင့်မပြုထားသော သို့မဟုတ် အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော ပိုးသတ်ဆေးများအတွက် ၎င်းတို့၏ စစ်ဆေးတွေ့ရှိနိုင်စွမ်း အနိမ့်ဆုံးပမာဏ 0.01 mg/kg သို့မဟုတ် 0.01 ppm သာခွင့်ပြုသည်။ စစ်ဆေးစဉ်ဓာတ်ကြွင်းတွေ့ရှိပါက ကုန်ပစ္စည်းကို ဆိပ်ကမ်းတွင်ပင်အဝင်မခံဘဲ သိမ်းဆည်းဖျက်ဆီးခြင်း သို့မဟုတ် ပြန်လည်ပို့ဆောင်ခြင်းပြုလုပ်ပြီး စောင့်ကြည့်စာရင်းသွင်းသည်ဟု သိရသည်။ ဂျပန်သည် သီးနှံအမျိုးအစား၊ ဓာတုပစ္စည်း အမျိုးအစားအလိုက် တိကျသော MRL ကန့်သတ်ချက်များကို ပြဋ္ဌာန်းထားသည်။ မြန်မာ့လယ်ယာထွက်ကုန်အများဆုံးတင်ပို့ရာ တရုတ်နိုင်ငံသည်လည်း GB 2763 ဟု ခေါ်သောစံနှုန်းဖြင့် စိုက်ပျိုးရေးဓာတုဓာတ်ကြွင်း ကန့်သတ်ချက်ပေါင်းများစွာ တိုးမြှင့်သတ်မှတ်လာပြီး ပိုမိုတင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။

 

သို့ဖြစ်ရာ ပြည်ပဈေးကွက်သို့တင်ပို့မည့် ပဲ၊ နှမ်း၊ ဆန်၊ ပြောင်းနှင့်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ဓာတ်ကြွင်းကြောင့် အပယ်မခံရစေရန် ဝယ်ယူမည့်နိုင်ငံ၏ MRL စံနှုန်းကို ကြိုတင်လေ့လာစုံစမ်းရန် လိုသည်။ သီးနှံများကို စိုက်ပျိုးသည့်အဆင့်ကတည်းကပင် တောင်သူ များအား GAP (Good Agricultural Practices)စနစ် သို့မဟုတ် စနစ်ကျသော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများအတိုင်း စနစ်တကျစိုက်ပျိုးရန် ကြီးကြပ်ရမည်ဖြစ်သည်။ ကုန်ပစ္စည်းများကို သင်္ဘောတင်မပို့ဆောင်မီ ISO အသိအမှတ်ပြုလက်မှတ်ရဓာတ်ခွဲခန်းတစ်ခုခုတွင် ဓာတ်ကြွင်းပါ/မပါကြိုတင်စစ်ဆေးပြီး စိတ်ချရကြောင်း အထောက်အထားလက်မှတ်ရယူပြီးမှ တင်ပို့သင့်သည်။

 

GAP စနစ်သည် စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှုကို အဓိကရည်ရွယ်ထားခြင်းဖြစ်ရာ ဓာတ်ကြွင်းကင်းစင်ရေးနှင့်တိုက်ရိုက်သက်ဆိုင်သည်။ GAP စနစ်ဖြင့် စိုက်ပျိုးသည့်သီးနှံများသည် GAP တံဆိပ်ကပ်၍ ဈေးကွက်တွင် ဈေးကောင်းရရှိနိုင်ပြီး ပြည်ပဈေးကွက် များသို့ ယုံကြည်စိတ်ချစွာ တင်ပို့နိုင်သည့်အလျောက် ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစိုက်ပျိုးသော တောင်သူတိုင်း စနစ်ကျသော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ ကျင့်သုံးစိုက်ပျိုးကြရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။   ။

မူရင်းသတင်း — Myanmar Digital News