Myanmar Digital News

လွှတ်တော်ကိုယ်စားလှယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် “နိုင်ငံတော်၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်များ” လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းတင်ပြ

နေပြည်တော် နိုဝင်ဘာ ၅

 

လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(JCC)နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဆောင်ရွက်ချက်များ”အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jeng Phang နော်တောင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ယနေ့ကျင်းပသည့်အစီအစဉ်သည် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(JCC)၏ အစီအစဉ်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းကာ နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၏ လက်ရှိအခြေအနေ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တိုက်ရိုက်ရှင်းလင်းတင်ပြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးသွားမည်ဖြစ်သည့်အတွက် အကျိုးရှိသော အစီအစဉ်တစ်ရပ် ဖြစ်ပါကြောင်း။

 

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝနှင့် စိုက်ပျိုးရေး၊ စက်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် မရှိမဖြစ် အဓိကမောင်းနှင်အားဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာနှင့် ယုံကြည်စိတ်ချစွာ ရရှိရေးသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်ဆက်စပ်လျက်ရှိပါကြောင်း။

 

ထို့ပြင် ရေနံနှင့်သဘာဝဓာတ်ငွေ့သည် ယနေ့ခေတ်ကမ္ဘာ့ရေးရာများတွင် အရေးပါသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဦးမော့လာစေရန်အတွက်လည်း မရှိမဖြစ်သွင်းအားစုတစ်ခု ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို လိုအပ်ပါက လွှတ်တော်လုပ်ငန်းစဉ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် ဖိတ်ခေါ်လိုပါကြောင်း။

 

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥပဒေပြုရေး၊ စောင့်ကြည့်ထိန်းကျောင်းရေးနှင့် ပြည်သူ့ကိုယ်စားပြုရေး တာဝန်များကို ထမ်းဆောင်ရာတွင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအချက် အလက်မှန်များကို မိမိတို့ဒေသလိုအပ်ချက်နှင့် ဆက်စပ်သုံးသပ်မှသာ လက်တွေ့ကျသော အကြံပြုချက်များကို ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်မှုများအပြင် အခက်အခဲနှင့် ကန့်သတ်ချက်များကိုပါ ပွင့်လင်းစွာ ထည့်သွင်းရှင်းလင်းပေးရန် တိုက်တွန်းလိုပါကြောင်း။

 

ယနေ့အစီအစဉ်အရ ရှင်းလင်းတင်ပြမှုအပြီးတွင် မေးမြန်းဆွေးနွေးသည့် အစီအစဉ်ပါရှိသဖြင့် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့သိရှိလိုသည်များကို တိတိကျကျ မေးမြန်းဆွေးနွေးကြရန်နှင့် ဒေသတွင်းလက်တွေ့ လိုအပ်ချက်များကို အကျိုးရှိရှိ တင်ပြပေးကြစေလိုပါကြောင်း။

 

ယခုကဲ့သို့ အသိပညာဖလှယ်ပွဲ (Knowledge Sharing)အစီအစဉ်များမှတစ်ဆင့်ရရှိသည့် ဗဟုသုတများကို မိမိတို့၏ လွှတ်တော်လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိစွာပြန်လည်အသုံးချကာ ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို မြှင့်တင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က လျှပ်စစ်ကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည့် စွမ်းအင်ကဏ္ဍအခြေအနေ၊ လျှပ်စစ်စီမံကိန်းများစတင်ရန် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား ကဏ္ဍအခြေအနေနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြည်သူများ လျှပ်စစ်ဓာတ်အား တိုးမြှင့်သုံးစွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ Myanmar National Grid Code နှင့် Distribution Code များ ထွက်ပေါ်လာရေးဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ်နိုင်ရန်အတွက် အရေးပါသည့် စွမ်းအင်ကုန်သွယ်ရေး အခြေအနေနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမေးမြန်းမှုများ၊ အကြံပြုချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News