Myanmar Digital News

ဖလမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်မိမိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်

ဖလမ်း နိုဝင်ဘာ ၅

 

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလုံးစုံပြီးစီးမှု မရှိသေးသော်လည်း ကျန်ရှိသည့် ပြုပြင်ထိန်းသိမ်း‌ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားကြပ်မတ် ဆောင်ရွက်ကြရန်၊ ဖလမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်မိမိ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း‌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။

           

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖလမ်းမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြင်ဆင်ပြီးသည့် ဌာနဆိုင်ရာ အဆောက်အအုံများ ရေရှည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းကြရန်လိုကြောင်း၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းနေပြီးဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် ဖလမ်းမြို့ ယာယီပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက် ကုသမှုခံယူ နေသည့်လူနာများအား ကြည့်ရှုအားပေးစကား ပြောကြားကာ အာဟာရဖြည့် အစားအစာများ ထောက်ပံ့ပေးအပ်ပြီး ဆေးရုံအုပ်နှင့် သူနာပြု ဆရာ ဆရာမများကို အားပေးစကားပြောကြား၍ ဆေးရုံအတွက် တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းတွင် ဖလမ်းခရိုင် လမ်းဦးစီးဌာနမှ စက်ယန္တရားကြီးဖြင့် လမ်းဘေးဝဲ/ယာ ချုံနွယ်များ ရှင်းလင်းနေမှုနှင့် အလင်းဖွင့် ရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ကလေး- ဖလမ်း - ဟားခါးလမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်သဖြင့် လမ်းမကြီးကောင်းမွန်ရေး၊ ပြည်သူများ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေး အလွန်အရေးကြီးကြောင်း၊ လမ်းဘေးဝဲ/ယာ ချုံနွယ်များ ရှင်းလင်းရာတွင် လမ်းဘေး ရေနုတ်မြောင်းများ ပိတ်ဆို့မှုမဖြစ်စေရေး၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးကြရန် မှာကြားပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ကြည့်ရှုစစ်ဆေး

ညနေပိုင်းတွင် ဖလမ်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာများ ပြန်လည် ပြုပြင်ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ ဖလမ်း ခရိုင်/ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန RC နှစ်ထပ်ပြုပြင်နေမှု အခြေအနေများကို လည်းကောင်း၊ ဖလမ်းခရိုင် မီးသတ်ဦးစီးဌာနရုံးသို့ လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News