Myanmar Digital News

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ဗီယင်ကျန်းမြို့ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာ၊ လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ - ၅

 

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သို့ သွားရောက်လေ့လာကြသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတာ်ကာကွယ်ရေး တက္ကသိုလ်သို့ရောက်ရှိကြရာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နိုင်ငံရေးဌာနအကြီးအကဲ Major General Phanseng Bounphan နှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို နှုတ်ဆက်ကြသည်။

 

ထို့နောက်  နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဧည့်ခန်းမတွင် နိုင်ငံရေးဌာန အကြီးအကဲ က သမိုင်းကြောင်းဆိုင်ရာများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းသားများအား လေ့ကျင့်သင်ကြားရေးဆိုင်ရာများ ပညာရေးဆိုင်ရာ တိုးတက်ပြောင်းလဲမှုများ၊ အာဆီယံ နိုင်ငံအချို့နှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး မြန်မာ-လာအို နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများအကြား သင်ကြားရေး ပညာရပ်များ၊ အတွေ့အကြုံများနှင့် နည်းပညာများ အပြန်အလှန် ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန် ဖလှယ်ရေး၊ အရာရှိများ၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်များ မြှင့်တင်ရေး၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် နှစ်နိုင်ငံအကြား စစ်ဘက်ပညာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အနာဂတ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအပါအဝင် အခြားကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပြီး အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်ကျောင်း သမိုင်းပြတိုက်ရှိ တက္ကသိုလ်၏ သမိုင်းကြောင်း၊ တည်ထောင်ခဲ့သည့် နောက်ခံအကြောင်းအရာများနှင့် ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်ကို မှတ်တမ်းတင်ပြသထားသည့် ဓာတ်ပုံများ၊ သမိုင်းဝင်မှတ်တမ်းများနှင့် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ စာအုပ်စာတမ်းများ စုဆောင်းထိန်းသိမ်းထားရှိမှုနှင့် သင်ကြားသင်ယူရေး လုပ်ငန်းများတွင် အသုံးချဆောင်ရွက်နေမှုများ ကိုလည်းကောင်း လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာ ဧည်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့၊ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့တပ်မတော် အထူးလေယာဉ်ဖြင့် လွန်ပရာဘန်မြို့သို့ ဆက်လက်ထွက်ခွာကြရာ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးအောင်ကိုနှင့် ဇနီး၊ လာအို အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားဆက်ဆံရေးဌာန အကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စီးနင်းလိုက်ပါလာသည့် မြန်မာ့တပ်မတော် အထူးလေယာဉ်သည် လွန်ပရာဘန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ အား လွန်ပရာဘန်ပြည်နယ် စစ်ဌာနချုပ်မှူး Brigadier General Thongla Xayavongsack နှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News