
ချမ်းအေးသာစံ နိုဝင်ဘာ ၆
အခြေခံပညာအလယ်တန်းအဆင့် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားစေရန်နှင့် ဥပဒေအသိပညာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ရန်အတွက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ဥပဒေဆိုင်ရာ သင်ခန်းစာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာန ဒေါ်သန်းသန်းအေးက သင်တန်းနှင့်ပတ်သတ်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။
အဆိုပါဆွေးနွေးပွဲကို ဗဟိုအဆင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နည်းပြဆရာ၊ ဆရာမ စုစုပေါင်းရှစ်ဦးတို့မှ ဥပဒေဆိုင်ရာ သင်ခန်းစာများအား သင်ကြားပို့ချသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၁၁ ခရိုင်ရှိ မြို့နယ် ၂၈ မြို့နယ်မှ အခြေခံပညာ အလယ်တန်းဆင့်သင် ဆရာ၊ ဆရာမစုစုပေါင်း ၁၃၄ ဦး တက်ရောက်သွားမည်ဖြစ်သည်။
ဥပဒေဆိုင်ရာ သင်ခန်းစာဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းနည်းပြများ၊ သင်တန်းသားဆရာ၊ ဆရာမများ အဆင်ပြေချောမွေ့စွာ သင်ကြားနိုင်ရေးအတွက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ပြန်/ဆက်)