Myanmar Digital News

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဒီပါဝလီပွဲတော် အထိမ်းအမှတ်အကြို ဆွမ်းဆက်ကပ်လှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၅

 

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ဒီပါဝလီပွဲတော်အကြို အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆွမ်းစားဆောင်၌ ကျင်းပသည်။

 

ဆွမ်း ဆက်ကပ်လှူဒါန်းပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်ကြပြီး ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မြင့်၊ သနန္တနဓမ္မပါလ က(ဟိန္ဒူ) အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းလွင်၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 

ဆွမ်းဆက်ကပ်လှူဒါန်းပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြကာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News