Myanmar Digital News

မကွေးတိုင်းဒေသကြီး အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်း

မကွေး နိုဝင်ဘာ ၅

 

မကွေးတိုင်းဒေသကြီးအတွင်း အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် အခွန်ထမ်းဆောင် ရန်ပျက်ကွက်သူများထံမှ ရသင့် ရထိုက်သော အခွန်များ ရရှိနိုင်စေရေး အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်စစ်ဆေးခြင်း စနစ် (Monitoring on Taxpayer Registry and Compliance Evaluation System M-TRACES) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အစီအစဉ် ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေး

 

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ မကွေးတိုင်းဒေသကြီး အခွန် အထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်တို့က အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးအောင်ကျော်မိုးက အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းခြင်းနှင့် အခွန်ထမ်းဆောင်ရန် ပျက်ကွက် သူများထံမှ ရသင့်ရထိုက်သော အခွန်များရရှိနိုင်စေရေး အခွန်ထမ်း မှတ်ပုံတင်ခြင်းနှင့် လိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့် စစ်ဆေးခြင်းစနစ် (Monitoring on Taxpayer Registry and Compliance Evaluation System M-TRACES) စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားကာ နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်သူ ဦးမျိုးမင်း သန်းက M-TRACES ကိစ္စနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့ပြင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသက်လွင်က M-TRACES စနစ် အကောင် အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဝင်းက အခွန်နှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အခွန် ထမ်းပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News