Myanmar National Post

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် ဖလမ်းမြို့နေရပ်ပြန်ပြည်သူများအား ကြိုဆို











ဖလမ်း၊ နိုဝင်ဘာ ၆

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် နိုဝင်ဘာလ (၅) ရက်နေ့တွင် ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး နေရပ်ပြန်လာသည့်ဒေသခံများအား နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်ခဲ့သည်။

ရှေးဦးစွာ နိုဝင်ဘာလ (၅) ရက် နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့သွားရောက်ကာ သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့်စတိုခန်းများ ရာနှုန်းပြည့်ပြုပြင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် သင်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြင်ဆင်ဆောင်ရွက်သွားရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကလေး-ဖလမ်း-ဟားခါးလမ်း ဖလမ်းမြို့အဝင် လွတ်လပ်ရေး ဆုတောင်းပြည့်စေတီရှေ့တွင် ဖလမ်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကလေးမြို့မှဖလမ်းမြို့သို့နေရပ်ပြန်လာသည့် ‌ဒေသခံပြည်သူများအား ကြိုဆိုနှုတ်ဆက်ကြပြီး၊ သက်ဆိုင်ရာဌာနများမှ စာရင်းကောက်ယူနေမှုအားကြည့်ရှုအားပေးသည်။ ထို့နောက် နေရပ်ပြန်ပြည်သူ (၁၀၀) ကျော်အား အာဟာရများထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့သည်။

ယခုအခါ ဖလမ်းမြို့တွင် ဌာနဆိုင်ရာရုံးများနှင့် ‌ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ ‌ဒေသခံများ၏ လူမှုစီးပွားဘဝများ ပုံမှန်လည်ပတ်နေပြီဖြစ်သည့်အပြင် ဘဏ်လုပ်ငန်းများပုံမှန်လည်ပတ်ကာ အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာများထုတ်ပေးနေပြီဖြစ်သည့်အတွက် နေရပ်ပြန်လာသူ ပိုမိုများပြားလာကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဦးဆောင်မှုဖြင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နေသည့်နည်းတူ ဖလမ်းမြို့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းများမှလည်း ပြည်သူများနေရပ်ပြန်လာနိုင်ရန် ဝိုင်ဝန်းဆောင်ရွက်နေကြောင်း သိရသည်။

ဆက်လက်ပြီး နိုဝင်ဘာလ (၆) ရက်နေ့တွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ဟားခါး) သို့သွားရောက်ကာ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူများ အိပ်ဆောင်ခင်းကျင်းထားရှိမှု၊ အဝတ်စတို၊ စာကြည့်တိုက်၊ စားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီးတာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆောင်ရွက်မှု၊ ပညာသင်နှစ်အလိုက် တက္ကသိုလ်ဝင်တန်း အောင်မြင်မှုအခြေအနေ၊ သင်တန်းကျောင်းအတွင်း စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ဟားခါးမြို့တွင် ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် ပလက်ဝမြို့နယ်များမှ ‌ဒေသခံကျောင်းသား၊ ကျောင်းသူ (၉၀) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


#News #Myanmar



မူရင်းသတင်း — Myanmar National Post