





မြောက်ဥက္ကလာ၊ နို၀င်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မရမ်းကုန်းမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ နှင့် အားကစား နှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၌ အခြေခံကိုယ်လုံပညာသင်တန်းဖွင့်လှစ်နေမှုအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦး နှင့် အဖွဲ့၀င်များက ရောက်ကြည့်ရှုအား ပေးခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦး ၊ မရမ်းကုန်းခရိုင်အမျိုး သမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်အေးမြင့်နှင့် အဖွဲ့၀င်များက ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းတွင် အခြေခံကိုယ်လုံပညာသင်တန်း ပို့ချနေမှုအားလာရောက်ကြည့်ရှုအားပေးပြီး သင်တန်းသားများအား အအေးနှင့် မုန့်များဖြန့်ဝေ ပေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များသည် လူမှု၀န်ထမ်းဦးစီးဌာန ၊ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာသို့သွားရောက်ကာ သင်တန်းကျောင်းရှိ မသန်စွမ်းကလေးများ တွေ့ဆုံ အားပေးပြီး သင်တန်းကျောင်းအား လှည့်လည်ကြည့်ရှုခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တစ်နေ့တာ အာဟာရ ကျွေးမွေးခြင်း နှင့် ကျောင်းအတွက်လှူဒါန်းငွေ နှစ်သိန်းကျပ်အား ထောက်ပံ့ခဲ့ပြီး ကျောင်းတာ၀န်ခံမှ လက်ခံရရယူခဲ့သည်။ ဆက်လက်၍ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာတာ၀န်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်သိန်း က ဂုဏ်ပြုမှတ်တမ်းပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar