
ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ဘယ်လာရုစ်၊ ကာဂျစ်စတန်၊ ကာဇက်စတန်၊ အာမေးနီးယားနိုင်ငံတို့နှင့် မြန်မာနိုင်ငံအကြား ပေါ်ဆန်းဆန်နှင့် ပဲ၊ နှမ်းတို့အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ CMP ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေးကြောင်း သိရသည်။
နိုဝင်ဘာ ၁၁ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဥရောပအာရှစီးပွားရေးကော်မရှင် ဘုတ်အဖွဲ့ဝင် မေခရို (အကြီးစား) စီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာ ဒါနီရာအီမာနာလီယက်နှင့် အဖွဲ့အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ဥရောပအာရှစီးပွားရေးသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ဘယ်လာရုစ်၊ ကာဂျစ်စတန်၊ ကာဇက်စတန်နှင့် အာမေးနီးယားနိုင်ငံတို့နှင့် မြန်မာနိုင်ငံအကြား ပေါ်ဆန်းဆန်နှင့် ပဲ၊ နှမ်းတို့အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ CMP ပစ္စည်းများ၊ ရေထွက်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်ရေး၊ အခွန်ကောက်ခံမှုဆိုင်ရာကိစ္စရပ်များတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဥရောပအာရှစီးပွားရေးကော်မရှင်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အာဆီယံဒီဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက် (ASEAN Digital Framework Agreement-DIFA) တွင် ပါဝင်ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။