Voice of Myanmar

အခန်း (၂၆၁)

ဆူးငှက်

မန္တလေးသင်္ကြန်ဆိုတာ —————————– ကုန်လွန်ခဲ့တဲ့ ၁၅နှစ်ကျော် ကာလကတည်းက သင်္ကြန်နှင့် ပတ်သက်ပြီး ကျွန်တော် ဒီလိုရေးခဲ့ဖူးသည်။

“ မန္တလေးသင်္ကြန်ဆိုတာ…၊ တစ်မျိုးသားလုံး…၊ နိုင်ငံတကာက မြန်မာချစ်သူများအားလုံး တညီတညွတ်တည်း တန်ဖိုးထားဂုဏ်ယူ ကြည့်ရှု့ခံစား၊ အံ့သြခဲ့ကြတဲ့ ရှားရှားပါးပါး ရှေးဟောင်းအမွေအနှစ် ကျုံး၊ မြို့ရိုး၊ ပြအိုး၊ ပြာသာဒ် အဆောင်ဆောင်တွေကို ခေတ်ပေါ်ပစ်္စည်းကြော်ငြာ ဗီနိုင်း ပလပ်စတစ်စကြီးများနဲ့ ကာရံပစ်လိုက်တဲ့ သင်္ကြန်ဖြစ်သွားပါပြီ။

တစ်မျိုးသားလုံး၊ နိုင်ငံတကာက မြန်မာချစ်သူများအားလုံး တစ်ညီတစ်ညွတ်တည်း တန်ဖိုးထားဂုဏ်ယူ၊ ကြည့်ရှုခံစား အံ့သြခဲ့ကြရုံမက အမျိုးသား လက်္ဓဏာလို့ အသိအမှတ်ပြုခဲ့ကြတဲ့ သင်္ကြန်ရဲ့ ဂီတ၊ သင်္ကြန်ရဲ့ အလှ.၊ သင်္ကြန်ရဲ့ အက၊ သင်္ကြန်ရဲ့ ယဉ်ကျေးမှု၊ သင်္ကြန်ရဲ့ အနုပညာ၊ ထိုထို အရာများစုစည်းရာဖြစ်တဲ့ သင်္ကြန်ရဲ့ ညတွေ လုံးဝ(လုံးဝ) ပျောက်သွားပြီး အဖိုးတန်ကျုံး၊ မြို့ရိုး ပြာသာဒ်တွေကို မိုက်မဲစွာ ကျောပေးဆောက်ထားတဲ့ ရေပက်မဏ္ဍပ် ဧရာမကြီးတွေရဲ့ မောင်နဲ့နှမ သားအမိ ကြည့်ရှု့ခံစားလို့မှ မသင့်တော်တဲ့ ရေပက်နှိပ်စက်ခြင်း၊ အော်ဟစ်ဆူညံခြင်း၊ ကာမရာဂ နှိုးဆွ ဝတ်စားဆင်ယင်မှုနှင့် ကခုန်ခြင်း၊ ဆေးဝါး အရက် ဖောချင်း သောချင်းဖြင့် မူးရစ် ရမ်းကားခြင်း၊ အရွယ်မရောက်၊ အရွယ်ရောက်လူငယ်ဖိုမများ၏ ကာမရာဂ ပေါက်ကွဲမှုများ၊ လူ့ မြင်ကွင်းတွင် လူ့တော်သလင်း ဇာတ်များခင်းကျင်းခြင်း။ နှုတ်မှ “ယဉ်ကျေးမှု၊ ယဉ်ကျေးမှု”တွင်တွင်အော်၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့် အကျင့်စာရိတ်္တမြင့်မားရေး တွင်တွင် ကြွေးကြော်၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက်္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသော စာသားများကို ကြက်တူရွေး၊ သာလိကာများကဲ့သို့ မျက်စိမှိတ်၊ တွင်တွင်ရွတ်ဆို ကြလေကုန်သော “လူကြီးမင်း” တို့က ကော်ဇောနီခင်း၊ သံဆူးကြိုးကာ၊ ဆိုဖာဆက်တီခုံတွင် အပူအအေး၊ အချိုအဆိမ့်၊ စားစရာ မြည်းစရာ အစုံအလင်၊ ဆွေမျိုး မိတ်သင်္ဂဟအစုံအလင်နှင့် လက်ခုပ်လက်ဝါးတီး အားပေးချီးမြှင့်၊ ဂုဏ်ပြု ချီးကျူး၊ ထောပနာပြု၊ ရွှေပေလွှာတွင် မှတ်တမ်းတင်၊ ရွှေတိုက်သွင်း အသိအမှတ်ပြုကြလေကုန်သော ရွံစရာ၊ မုန်းစရာ၊ အော့နှလုံးနာစရာ… သင်္ကြန်ကြီးသာ တည်တံ့ခိုင်မာသွားလေပြီတမုံ့…။”

အလှသင်္ကြန်၊ အကသင်္ကြန်၊ ဂီတသင်္ကြန် ———————————————– နောက် မှတ်မှတ်ရရ မန္တလေး အနှစ်၁၅၀ပြည့်အတွက် ပြင်ဆင်ကြချိန် ၂၀၀၈ခုနှစ် မှာတော့ မန္တလေးသင်္ကြန်ကို သည်လို ကျင်းပစေချင်ပါတယ် ဆိုတာလည်း အခုလို ရေးဖြစ်ပါသေးသည်။ ထပ်ပြီး အမှတ်တရဖြစ်တာက ခပ်ကြမ်းကြမ်းရေးထားသည့် ဒီဆောင်းပါးကို စာမူတောင်းထားသည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မီတီ နှစ်ပတ်လည်မဂ္ဂဇင်းအတွက် ပေးပို့ခဲ့တာပါပဲ။ မဂ္ဂဇင်းတာဝန်ခံ ဌာနမှူးက ဆောင်းပါးပါ စာသားအချို့နှင့် ပတ်သက်ပြီး အဆင်မပြေနိုင်လို့ မြို့တော်ဝန်ဆီ တင်ပြတော့ တစ်လုံးမှ မဖြုတ်ဘဲ ထည့်ပါလို့ မြိုကတော်ဝန်က ညွှန်ကြားသတဲ့။ (မန္တလေးအနှစ်၁၅၀ပြည့် စာအုပ်ပွဲမှာ မြို့တော်ဝန်နှင့် တွေ့လို့သိရခြင်း ဖြစ်သည်။ သို့သော် ဆောင်းပါးပါ အချက်အလက်တွေ သဘောတူပေမယ့် ရှိရင်းစွဲ သင်္ကြန်ကျင်းပပုံကိုတော့ ပြင်ဖို့ မလွယ်တော့ပါဘူး လို့လည်း ပြောပါသည်)

“ကျုံးပတ်ပတ်လည်ရိုးရာယဉ်ကျေးမှုသင်္ကြန်ကား မန္တလေးသင်္ကြန်သည်ကို အပီပြင်ဆုံးဖြင့် ညချမ်းအချိန်အခါ တန်ခူးလပြည့်လရောင် အောက်မှာ အလှသင်္ကြန်၊ အကသင်္ကြန်၊ ဂီတသင်္ကြန်ကို ထင်ဟပ်ပြနေ၏။ သင်္ကြန်မတိုင်မီ အောက်တိုဘာလလောက် ကတည်းက ရုပ်မြင်သံကြားမှ ဇာတ်လမ်းတွဲအစီအစဉ် မြန်မာ့ယဉ်ကျေးမှုသင်္ကြန် သရုပ်သကန်ကို တင်ဆက်ပြသနေမှုကြောင့် တစ်နိုင်ငံလုံးသာမက ကမ္ဘာကပါ ဒီနှစ်မန္တလေးသင်္ကြန်ကို စိတ်ဝင်စားကြ…။ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း ကင်မရာမျိုးစုံ သေတ္တာကြီးငယ်နှင့် သတင်းမီဒီယာတွေ ဧည့်သည်တွေ အနိုင်နိုင်ငံက ဝင်လာမစဲ…။ နေပြည်တော်နှင့် ရန်ကုန်အခြေစိုက် ဂျာနယ်များ၊ မဂ္ဂဇင်းများကလည်း သည်နှစ် မန္တလေးသင်္ကြန်အတွက် မန္တလေးသတင်းတာဝန်ခံများသာမက ရုံးချုပ်မှပင် သတင်းယူဖို့ ဆင်းလာသူတွေ တဖွဲဖွဲ….။

စိမ်းစိုစည်ကားသော မန္တလေးကန်တော်ကြီးမှာလည်း နေ့ခင်း၌ ရေပက်မဏ္ဍပ်များက မင်းသား မင်းသမီးများ၊ အဆိုတော်များ၊ တီးဝိုင်းများ၊ DJ များဖြင့် ရေကို ဖောချင်းသောချင်းပက်ကာ အော်ဟစ် မြူးတူးကခုန်ကြဆဲ။ ရေပက် မဏ္ဍပ် အားလုံးလိုလိုကတော့ ကြော်ငြာ ဗီနိုင်း ဆိုင်းဘုတ်များဖြင့် ဝေဆာလို့။

နေ့ခင်း၌ ကန်တော်ကြီးတွင် ခေတ်ပေါ်ကြော်ငြာသင်္ကြန်ကို ခံစားပြီး ညပိုင်းကျုံးပတ်လည်၌ မန္တလေးသင်္ကြန် ရိုးရာယဉ်ကျေးမှု သရုပ်သကန်ကို လွမ်းဆွတ်ကြည်နူးစွာ ခံစားကြရတော့ သမိုင်းကြောင်းနှင့် အမွေအနှစ်ကို မျိုးဆက်သစ်များအား မျက်ဝါးထင်ထင်ပြသနိုင်ခဲ့၍ လူကြီးတွေ ကိုယ်နှိုက်က ဝမ်းသာမျက်ရည်ဝဲ.။

ကျုံးအတွင်းမှ မီးရှူးမီးပန်းရောင်စုံတို့ ဖြာထွက်သွားသည်။ ‘၁၃၇၁ ခုနှစ် မန္တလေး အနှစ်၁၅၀ မြောက် သင်္ကြန် ‘ ဟူသော စာသားများ ကောင်းကင်ယံတွင် လင်းလက်သွားသည်။ ပြီးတော့ ဖြည်းဖြည်းချင်း ပျောက်ကွယ်…..”

ဒီ့နောက် ၂၀၁၀မှာ အရပ်သားအစိုးရ တက်တော့ အခွင့်သာမလားဆိုပြီး သင်္ကြန်ကိစ္စ စိတ်မကုန်ဘဲ ရေးသားပြန်တော့ ထူးခြားမလာပြန်လို့ ဒီလို ရင်ဖွင့်ရေးသားခဲ့ပြန်သည်။ “လာမယ့်သင်္ကြန်ရောက်ရင်လည်း၊ ”၄၈”ရပ်သော ပြာသာဒ် ဆောင်တွေနဲ့ ရှေးဟောင်း အမွေအနှစ် နန်းမြို့တော်ကြီး၊ ကျုံးမြို့ရိုးကြီးတွေကို၊ လူမထင်စွာကျောပေး၊ ကုန်ပစ္စည်းလောက်မှ အလေးမထား.။ ကြော်ငြာစာလား၊ ကုန်ပစ္စည်းဓာတ်ပုံ၊ ဗီနိုင်းရောင်စုံကြီးတွေ ကာရံပြီး၊ ဧရာမစင်ကြီးတွေ ထိုးကာ လက်ဝါးသာသာ ဘောင်းဘီတိုနဲ့၊ ဘော်လီမပါတဲ့ တီရှပ်ဝတ်ပြီး၊ ဆေးတန်ခိုးနဲ့ အသိလွတ်၊ သတိလွတ်နေကြသူလေးတွေ လက်ထဲကရေပိုက်က ရေဒလဟော ထွက်စေဖို့၊ ကျုံးထဲက ရေကောင်းရေသန့်တွေ ဖောဖောသီသီဖြုန်း ကြပါတော့မယ်။ ဒီအတွက် မြို့လူထုစိတ်ချမ်းသာရေး အဓိကဆိုတဲ့ မြို့တော်စည်ပင်သာယာရေးအဖွဲ့ကြီးက ကျုံးရေ ဂါလန် သန်း(၄ဝ) ကျော် ဖြုန်းတီးဖို့စီစဉ် ထားတာ နှစ်စဉ်ပါပဲ။ အဲဒီ ဂါလန်သန်း(၄ဝ)သော ရေတွေက လမ်းတွေ ပေါ်ကတဆင့် အညစ်အကြေးတွေ ပေါင်းစုံသယ်ပြီး ဘေးနားရပ်ကွက်တွေထဲသာမက၊ ကျုံးထဲကိုပဲ ပြန်ပြီး စီးဆင်းရဦးမှာပါ။ ကျုံးကို ကျောပေးဆောက်ထားတဲ့ မဏ္ဍာပ်တွေပေါ်က သောင်းချီအရေအတွက်ရှိတဲ့ သ င်္ကြန်ပျော်လူသားတွေရဲ့ ”အလေး၊ အပေါ့” ဆိုတဲ့ အ ညစ်အကြေးတွေကရော…၊ မိသားဖသားပီပီ ဘယ် သူကများ စနစ်တကျ စွန့်ပစ်ကြပါမလဲ။ မူးယစ်ပျော် ပါး အသိလွတ်နေသူတိုင်းက ဒလဟောပက်ဖျန်းနေတဲ့ ရေတွေနဲ့အတူ စွန့်ပစ်ကြမှာပဲ။ ကျုံးရေထဲ တဝက်နင်း နေတဲ့ မဏ္ဍာပ်ပေါ်ကနေ လွယ်လွယ်ကူကူ ကျုံးထဲပဲ ပြန်စွန့်ပစ်ကြမှာပါပဲ။

တကယ်တော့ လက်ရှိအာဏာပိုင်ဆိုတာ ပြည်သူ က ရွေးကောက် တင်မြောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်တွေပါ။ သင်္ကြန်ဆိုတာ အကြောင်းပြပြီး အခုလို ရေဂါလန် သန်း(၄ဝ) ကျော်ဖြုန်းတီး။ အမျိုးသား အမွေအနှစ် ကျုံးမြို့ရိုးပြသာဒ်တွေ ဥပက္ခာပြု၊ အများပြည်သူသုံး ကျုံးရေထဲ အညစ်အကြေးပေါင်းစုံ စီးဝင်စေတဲ့…၊ မန္တလေးသင်္ကြန်ရဲ့ အစီအမံတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်၂စုလောက်ကတည်းက အဲသလို…”

မန္တလေးသင်္ကြန်ကို ဘယ်လို ဖြစ်စေချင်သလဲတဲ့ ——————————————————– ၂၀၁၅ခုနှစ်မှာတော့ အရပ်သား အစိုးရအသစ်တစ်ဖွဲ့ တာဝန်ယူသည်။ ရွေးကောက်ပွဲတွင် အနိုင်ရ အင်အယ်လ်ဒီပါတီက ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့ဖြစ်သည်။ အစိုးရဖွဲ့ပြီး မကြာမီ ကျွန်တော့်ကို စည်ပင်သာယာရေးကော်မတီတွင် ကော်မတီဝင်အဖြစ် တာဝန်ယူဖို့ အစိုးရအဖွဲ့ ကမ်းလှမ်းလာသည်။ တာဝန်ကျေစွာ ထမ်းဆောင်နိုင်မည့် အရည်အချင်းမရှိဟု မိမိကိုယ်မိမိ သုံးသပ်ပြီး ငြင်းပယ်လိုက်ပါသည်။ ထိုအစိုးရသစ်တွင် ဝန်ကြီးချု့ပ် အပါအဝင် လွှတ်တော်ဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ လွှတ်တော် ကိုယ်စားလှယ် တွေကလည်း မန္တလေးသား၊ ယဉ်ကျေးဖွယ်ရာသော နာမည်ကျော် မန္တလေးသင်္ကြန်ကို ဖြတ်သန်းဖူးသူ ဦးဆောင်ခဲ့သူများ ဖြစ်သောကြောင့် သင်္ကြန်အပြောင်းအလဲအတွက် မျှော်လင့်ခဲ့ပြန်သည်။ မျှော်လင့်ခဲ့သလိုပဲ တိုင်းဒေသကြီးလွှတ်တော် ဖွဲ့စည်းပြီး မကြာခင် ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာပဲ တိုင်းဒေသကြီးလွှတ်တော်မှာ အစည်းအဝေးခေါ်ခဲ့သည်။ စာရေးဆရာတွေ အနုပညာရှင်တွေ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်သော အစည်းအဝေးတွင် ကျွန်တော်က ဖွင့်ပွဲကို ညနေ နေပူကျဲကျဲထဲ ကျောင်းသူလေးတွေ ထောင်ချီ နေပူခံ ခရိုင်ကိုယ်စားပြုတွေ အလှပြယာဉ် အဓမ္မထွက်ခိုင်း အဆိုတော်နဲ့ တီးဝိုင်းစရိတ် သိန်းထောင်ချီအကုန်ခံမယ့် အစား အကြိုနေ့မနက်စောစော ဆွမ်းလောင်း၊ ပြီးရင် ရှိတဲ့ အလှပြယာဉ်တွေ ဘုရားကြီးဦးတိုက် မြို့တော်ဝန်မဏ္ဍပ်ရှေ့ ဖြတ်၊ ဒါဆို သင်္ကြန်ဖွင့်တာပါပဲလို့ ဆွေးနွေးခဲ့သည်။

ဒီလိုနဲ့ အစိုးရဖွဲ့ပြီး မြို့တော်ဝန်ဒေါက်တာဦးရဲလွင် ဦးဆောင်သော စည်ပင်သာယာရေး ကော်မီတီဝင်အသစ် တာဝန်ယူပြီး ၂၀၁၇ (၁၃၇၈ခုနှစ်) သင်္ကြန်ကို ကျင်းပဖို့ ကော်မီတီက ပထမဆုံး အစည်းအဝေး ကျင်းပပါသည်။ ၂၀၁၇ခုနှစ် ဇန်နဝါရီလဆန်း ၁၇ရက်နေ့ကပါ။ ဒီအစည်းအဝေး ကျင်းပမယ့် အစည်းအဝေး ခန်းမထဲကို ကော်မီတီဝင် ဆရာဦးကျော်ရင်မြင့်ကတဆင့် မြို့တော်ဝန်ကြီးက ကျွန်တော့်ကို ဖိတ်ကြားပြီး မန္တလေးသင်္ကြန်ကို ဘယ်လိုကျင်းပစေချင်သလဲဆိုတာ ရှင်းလင်းစေခဲ့သည်။ ကျွန်တော်ကလည်း အနှစ်နှစ်အလလ မျိုသိပ်ခဲ့ရတဲ့ ဝေဒနာတွေ ဒလဟော သွန်ချလိုက်တယ် ဆိုပါစို့။ အကုန် ရင်ဖွင့်လိုက်တယ် ဆိုပါစို့၊ မတတ်နိုင်။ ဒီမှာ ကျွန်တော်ပြောခဲ့တာ အနှစ်ချုပ်လိုက်ရင် – (၁) ကျုံးဘေး ရေပက်မဏ္ဍပ်အရေအတွက်လျှော့ချရန်၊ မဏ္ဍပ်အကျယ်အဝန်းလျှော့ချရန်၊ ကျုံးဘက်ကျောပေး ဆောက်လုပ်မှု ကန့်သတ်ရန်(ဖျော်ဖြေရေးမဏ္ဍပ်များ ကျုံးဘက်မျက်နှာပြုပြီး ရေပက်မဏ္ဍပ်ကို ကန့်သတ် အကျယ်အဝန်း ကန့်သတ်ရေပိုက်ပမာဏနှင့် ကျုံးဘက်အကာမပါ ခွင့်ပြုခြင်းမျိုး) ရေစုပ်စက်စွမ်းအား နှင့် အရေအတွက်လျှော့ချရန်၊ (မန္တလေးသင်္ကြန်သည် အစဉ်အဆက် အကျနေ့မှသာရေပက်သဖြင့် အကြိုနေ့ ရေပက်ခြင်းကို လုံးဝမပြုလုပ်ရန်)

-(၂) မန္တလေး၏ အလှဆုံးလမ်းမကြီးများဖြစ်သော တောင်ဖက်ကျုံးလမ်းနှင့် အရှေ့ကျုံးလမ်းများ သင်္ကြန်၄ရက်နှင့် မပျက်စီးစေဘဲ တနှစ်ပတ်လုံး ဘဏ္ဍာငွေ အလုံးအရင်းအကုန်ခံ ပြုပြင် ထိန်းသိမ်းထားခြင်းကို အလဟဿ မဖြစ်စေရေး စီမံရန်၊ -(၃) ဗဟိုမဏ္ဍပ်ဖျော်ဖြေရေးတွင် ပြင်ပအနုပညာရှင်များ မငှားရမ်းဘဲ မြို့ခံပညာရှင်များ အသင်းအဖွဲ့များနှင့် တင်ဆက်ရန်၊ -(၄) ညနေပိုင်းကျင်းပမည့် သင်္ကြန်ဖွင့်ပွဲအစား မနက်ပိုင်း သံဃာများပရိတ်ရွတ် ဆွမ်းလောင်းပြီးနောက် အလှပြယာဉ်များ မဏ္ဍပ်ရှေ့ဖြတ်ပြီး မဟာမုနိဘုရားကြီးသို့ စီတန်းလှည့်လည်သွားရောက် ကန်တော့ရန်၊ ( ကျောင်းသူများထောင်ချီ ကပြခြင်း ဘောလုံးလွှတ် ဖဲကြိုးဖြတ်ခြင်း ပြုလုပ်ရန် မလိုအပ်ပါ) -(၅) မန္တလေးသားများအဖို့ သင်္ကြန်သည် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်ကာ လူတန်းစားမရွေး ပါဝင်ဆင်နွှဲလိုသဖြင့် ဗဟိုမဏ္ဍပ်အသုံးစရိတ်များလျှော့ချပြီး အရပ်ဖက် အလှပြယာဉ်များ မဏ္ဍပ်များ သံချပ်အသင်းများ ပေါ်ပေါက်ရေး အတွက် ငွေကြေးစရိတ်များ ကူညီ ချီးမြှင့်ရန်၊ -(၆) ပြိုင်ပွဲများသည် အရာမရောက်သည့်အပြင် အမြဲတမ်းပါဝင်ဆောင်ရွက်သည့် ဒိုင်များ၏ စားကွက် ဖြစ်နေသောကြောင့် ပြိုင်ပွဲဆုအစား ယဉ်ကျေးစွာ ရိုးရာမပျက် ပါဝင်ဆင်နွှဲသည့် အဖွဲ့တိုင်းကို အမှတ်တရ ဂုဏ်ပြုချီးမြှင့်ရန်၊ -(၇) အထူးသဖြင့် ဗဟိုမဏ္ဍပ်၏ ဖျော်ဖြေရေးတွင် မြန်မာ့ရိုးရာသင်္ကြန် သီချင်း ယိမ်း အဆိုအတီးများကို မြို့ခံအဖွဲ့တိုင်း အလှည့်ကျ ပါဝင်နိုင်ရေး ဆောင်ရွက်ရန်၊ ဟူသည့် အချကများ ဖြစ်သည်။ ထိုအစည်းအဝေးတွင် ကျွန်တော်ပြောပြီးပြီးချင်း မြို့တော်ဝန်ကြီးက “ကိုဆူးပြောတဲ့ အချက်တွေမှာ ကျွန်တော်တို့ ပြောင်းလဲ ကျင်းပချင်တဲ့ သင်္ကြန်နဲ့ အများဆုံးတူပါတယ်။ ကျွန်တော်တို့ ဒီအချက်တွေထဲက ၆၀ရာခိုင်နှုန်း ဆောင်ရွက်န်ုင်ပါလိမ့်မယ်” လို့ ပြောပါသည်။ ထို့နောက် ကျွန်တော့်ကို ပြန်ပို့ပြီး ကော်မီတီက အစည်းအဝေးဆက်ထိုင်သည်။

နံမည်ကျော် လမ်းလျှောက်သင်္ကြန် ——————————————- မကြာခင် မတ်လအတွင်းမှာပဲ မန္တလေးသင်္ကြန်ကို ဘာတွေပြောင်းလဲကျင်းပမှာလဲ ဆိုသည်ကို ကော်မီတီဝင်ဖြစ်သူ ဆရာကျော်ရင်မြင့်က “မန်းသင်္ကြန်မှာ ဘာတွေ ထူးမှာလဲ” အမည်ရှိ ဆောင်းပါးနဲ့ မန်းသူမန်းသားတွေ ဝမ်းမြောက်ဖို့ ဒီလို ရေးသား အသိပေးလိုက်ပါတယ်။

“ မြို့တော်စည်ပင်သာယာရေးကော်မတီကတာဝန်ယူလုပ်ရ တဲ့မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရဲ့ ဖွင့်ပွဲပုံစံကအစ ယခုနှစ်မှာ ပြောင်းလဲတော့မယ်။ ယိမ်းလာ ကရတဲ့ ကျောင်းသူ၊ ကျောင်းသား လေးတွေ အရင်လိုနေပူကျဲကျဲ၊ ချွေးရွှဲရွှဲလာဖို့ မလိုတော့ဘူး။ မိုး ပျံပူဖောင်းတွေလည်း လွှတ်မပစ် တော့ဘူး။ ဖွင့်ပွဲပုံစံသစ်က သင်္ကြန်အ ကြိုနေ့မနက် မြို့တော်ခန်းမမှာ ပင့်ဆောင်ထားတဲ့ သံဃာတော် တွေကို ဆွမ်းကပ်လှူမယ်။ သံဃာတော် ၁,၀၀၀ ကို ဘုံဆွမ်းလောင်း လှူကြမယ်။ ကောင်းမှုပြုပြီးတာနဲ့ မနက်စောစောပဲ မြို့တော်မဟာ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ စပါလိမ့်မယ်။

ဖွင့်ပွဲကျင်းပမယ့် ပုံစံက မန္တလေးမြို့တော်ဝန်က မဟာသင်္ကြန်နှုတ်ခွန်းဆက်စကားပြောပါမယ်။ တာဝန်ရှိသူတွေက မဟာသင်္ကြန် ပွဲတော်ကို ဖွင့်လှစ်မယ်။ အဲဒီအ ချိန်မှာ မြို့မတူရိယာအသင်းအပါ အဝင် သင်္ကြန်အလှပြယာဉ်တွေ က မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ရှေ့က ဖြတ်သန်းသွားပြီး မြို့တော်ဝန်ကို နှုတ်ဆက်ကြမယ်။ မြို့တော်ဝန်ကလည်း သင်္ကြန်ပွဲဆင်နွှဲမယ့် သူအားလုံးကို ပြန်လည်နှုတ်ဆက် မယ်။ မြို့မနဲ့ သင်္ကြန်အလှပြ ယာဉ်တွေက မြို့တော်ဝန်ကို နှုတ် ဆက်ပြီးတာနဲ့ မဟာမုနိဘုရားကြီးကို သွားရောက်ဦးတိုက်ရှိခိုးကြမှာ ဖြစ်ပါတယ်။ …………………………….. နှစ်စဉ် ယာဉ်တွေပိတ်ဆို့ ကျပ်သိပ်နေခဲ့တဲ့ ကျုံးတောင်ဘက်ခြမ်း ၂၆ အာဇာနည် လမ်းမကိုတော့ ယခုနှစ်မှာယာဉ်မဝင်ရတဲ့ လမ်းလျှောက်သင်္ကြန်အဖြစ် ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ထိုင်းသင်္ကြန် (Song Kran)က လူသိများတယ်။ မန္တလေးမှာ လည်း မန္တလေးအ လိုက် ရိုးရာယဉ်ကျေးမှုတွေရှိတာမို့ ဒီယဉ်ကျေးမှုတွေကို ဖော်ဆောင်မယ်ဆိုရင် မဟာသင်္ကြန်ကလည်း နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်မှု တစ်ခု၊ ခရီးသွား လုပ်ငန်းတွေကို မြှင့်တင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဧည့်လမ်းညွှန် လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေလည်း နှစ်သက်အဆင်ပြေမယ့် ဒီဇိုင်း တစ်ခုကို ရေးဆွဲ နေပြီဖြစ်ပါတယ်။ ၂၆ လမ်း လမ်းလျှောက် သင်္ကြန်အတွင်းမှာ မြန်မာ့ရိုးရာကို လက်တွေ့ လေ့လာပြီး နိုင်ငံံခြားသားတွေ လည်း သင်္ကြန်ကိုပါဝင် ဆင်နွှဲနိုင်အောင် စီစဉ်ထည့်သွင်း ထားပါတယ်။” တဲ့။

မန္တလေးသူ မန္တလေးသားများအဖို့ တကယ်ဝမ်းမြောက် ဝမ်းသာရတဲ့ အစီအမံတွေပါပဲ။ တကယ်လည်း ၂၀၁၇ (၁၃၇၈ခုနှစ်) သင်္ကြန်ဟာ တကယ်လည်း အရွယ်သုံးပါးမရွေး လူသာဓုခေါ် နတ်သာဓုခေါ် သင်္ကြန်ဖြစ်ခဲ့ပြီး ပြောင်းလဲခဲ့တဲ့ “လမ်းလျှောက်သင်္ကြန်” ဟာ တစ်မဟုတ်ချင်း ထင်ရှား ကျော်ကြားသွားတော့တာပါပဲ။

မူရင်းသတင်း — Voice of Myanmar