Positive Angle News

ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် Happy Water ၃.၈၂၁ ကီလိုနှင့် ကက်တမင်း ၁.၈၅ ကီလို ဖမ်းဆီးရမိ

(မှုခင်း) နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် Happy Water နှင့် ကက်တမင်း မူးယစ်ဆေးဝါးများ စုစုပေါင်း ကာလတန်ဖိုး ကျပ် ၄,၃၀၂.၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ပြီး အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကမာရွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဟံသာဝတီလမ်းတွင် လမ်းလျှောက်လာသူ အောင်မြင့် (ခ) ကျားရီအား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ Happy Water အလေးချိန် ၁၅၀ ဂရမ်၊ ဒေသကာလတန်ဖိုး ကျပ်သိန်း ၉၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် အောင်မြင့် (ခ) ကျားရီ နေထိုင်သည့် စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ ကျွန်းတောလမ်းရှိ နေအိမ်ကို ထပ်မံရှာဖွေခဲ့ရာ Happy Water အလေးချိန် ၃.၆၇၁ ကီလို၊ တန်ဖိုး ကျပ် ၂,၂၀၂.၆ သိန်းနှင့် ကက်တမင်း အလေးချိန် ၁.၈၅ ကီလို၊ တန်ဖိုး ကျပ် ၁,၁၁၀ သိန်းတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မြင့် (ခ) ကျားရီ၊ အသက် ၃၃ နှစ်အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပတ်သက်သူများကိုလည်း ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Positive Angle News