
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
ယီမင်နိုင်ငံက အီရန်ကျောထောက်နောက်ခံ ဟူသီအဖွဲ့ဟာ ဆော်ဒီအာရေဗျရဲ့ လေဆိပ်တွေ၊ ရေနံစက်ရုံတွေနဲ့ ရုံး အဆောက်အအုံတွေကို ဒရုန်းနဲ့ ဒုံးကျည်တွေ ပိုပြီး တိုက်ခိုက်လာတာကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆော်ဒီနျူကလီးယားစွမ်းအင် သဘောတူညီချက်အပေါ် စိုးရိမ်မှုတွေ ပိုများလာပါတယ်။
ထရမ့်အစိုးရက ဆော်ဒီနဲ့ နျူကလီးယားပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ဇူလိုင်မှာ ကြေညာခဲ့ပြီး ဩဂုတ် မှာ အမေရိကန်ကွန်ဂရက်ကို တင်သွင်းခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို ပိတ်ပင်ဖို့ အဆိုပြုချက်အပေါ် အမေရိကန် ဆီးနိတ်က နိုဝင်ဘာ ၃၀ ရက်ကစပြီး မဲခွဲနိုင်တယ်လို့ ဆီးနိတ်ဝန်ထမ်းတွေက ပြောပါတယ်။
ဒီသဘောတူညီချက်အရ ဆော်ဒီအာရေဗျက အမေရိကန်နည်းပညာအသုံးပြုပြီး ယူရေနီယမ်သန့် စင်တာနဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် နျူကလီးယား စက်ရုံတွေကို ရုတ်တရက် စစ်ဆေးနိုင်တဲ့ IAEA ရဲ့ Additional Protocol ကို သဘောတူညီချက်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။
ဒါကြောင့် ဆော်ဒီအာရေဗျက နောင်တစ်ချိန်မှာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေ ပြီး အခု ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် နျူကလီးယားစက်ရုံတွေကို လက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်တာ ဒါမှမဟုတ် သိမ်းပိုက်တာ ဖြစ်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုပါ ထပ်တိုးလာပါတယ်။
ဟူသီအဖွဲ့က သောကြာနေ့မှာ ဆော်ဒီရဲ့ ပင်လယ်နီဆိပ်ကမ်းတွေကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ပြီး ဆိပ်ကမ်း အနီးရှိသူတွေကိုလည်း ဝေးဝေးနေကြဖို့ သတိပေးခဲ့ပါတယ်။ အမေရိကန် နျူကလီးယား မပြန့်ပွားရေး ကျွမ်းကျင်သူ တွေက ဆော်ဒီမှာ တည်ဆောက်မယ့် နျူကလီးယားစက်ရုံတွေအတွက် တင်းကျပ်တဲ့ လုံခြုံရေးအစီအစဉ်တွေ ထည့်သွင်းဖို့ အမေရိကန်က တောင်းဆိုသင့်တယ်လို့ ပြောပါတယ်။
ဒီသဘောတူညီချက်မှာ ဆော်ဒီအာရေဗျက ယူရေနီယမ်သန့်စင်တာနဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်း ပြန်လည်ပြုပြင်တာ တွေကို တားမြစ်ထားခြင်းလည်း မရှိပါဘူး။ ဒီလုပ်ငန်းတွေဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ လမ်းကြောင်း တွေ ဖြစ်လာနိုင်တာကြောင့် ဒီမိုကရက်တစ်လွှတ်တော် အမတ်တွေနဲ့ နျူကလီးယားမပြန့်ပွားရေးအဖွဲ့တွေက ဝေဖန်နေကြပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု ( UAE) ကတော့ ၂၀၀၉ ခုနှစ် အမေရိကန်နဲ့ နျူကလီးယား သဘောတူညီချက်မှာ ယူရေနီယမ်သန့်စင်တာနဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်း ပြန်လည်ပြုပြင်တာ တွေကို မလုပ်ဖို့ တင်းကျပ်တဲ့ ကန့်သတ် ချက်တွေကို လက်ခံထားပါတယ်။
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်က နျူကလီးယားလက်နက် မထုတ်လုပ်လိုဘူးလို့ ပြောထားပေမဲ့ အီရန်က နျူကလီးယားလက်နက် ရရှိလာရင် ဆော်ဒီကလည်း ထုတ်လုပ်မယ်လို့ ပြောထားပါတယ်။ အိမ်ဖြူတော် ကတော့ သဘောတူညီချက်ဟာ အရပ်ဘက်နျူကလီးယားစွမ်းအင်အတွက်သာဖြစ်ပြီး အမေရိကန်စက်မှုလုပ်ငန်း၊ အလုပ်သမားနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေအတွက် အကျိုးရှိသလို ဆော်ဒီရဲ့ စွမ်းအင်လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးမယ်လို့ ပြောပါတယ်။
အမေရိကန်ဆီးနိတ်မှာ ရီပတ်ဘလစ်ကန်တွေက ၅၃ နေရာ၊ ဒီမိုကရက်တစ်တွေက ၄၇ နေရာရှိပြီး သဘောတူညီချက် ကို ပိတ်ပင်မယ့် အဆိုပြုချက် အတည်ပြုဖို့ လိုအပ်တဲ့ မဲအများစု ရနိုင်မရနိုင်ကို တော့ မသေချာသေးပါဘူး။ ဒါပေမယ့် ရီပတ်ဘလစ်ကန်အမတ်တချို့ကလည်း ဒီနျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး အချက်အလက်ပိုမိုပေးဖို့ ဒီမိုကရက်တစ် အမတ်တွေနဲ့အတူ တောင်းဆိုထားပါတယ်။
Ref – Reuters