
အီလွန်မတ်စ်ရဲ့ ဦးနှောက်ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ Neuralink ဟာ အမေရိကန်နိုင်ငံမှာ အကြီးစားဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတစ်ခု စတင်ဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) ရဲ့ ခွင့်ပြုချက်ကို ရရှိသွားပြီဖြစ်ပါတယ်။ LINK Pivotal Study လို့ အမည်ပေးထားတဲ့ အဲဒီစမ်းသပ်မှုမှာ ALS ရောဂါကြောင့် ပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမရဖြစ်နေတဲ့ လူနာတွေအနေနဲ့ Neuralink ရဲ့ ဦးနှောက်ချစ်ပ်ကို အသုံးပြုပြီး ကွန်ပျူတာတွေနဲ့ တခြားဒစ်ဂျစ်တယ်စက်ပစ္စည်းတွေကို အတွေးနဲ့ ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီဦးနှောက်ချစ်ပ်ဟာ ဦးနှောက်ကနေ ထုတ်လွှတ်တဲ့ အချက်ပြလှိုင်းတွေကို မှတ်တမ်းတင်ပြီး ညွှန်ကြားချက်တွေအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေဟာ လက်ကို အသုံးပြုစရာမလိုဘဲ ကွန်ပျူတာ Cursor ကို ရွှေ့တာနဲ့ ကလစ်နှိပ်တာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Neuralink ရဲ့ ပြောကြားချက်အရ အမေရိကန်၊ ကနေဒါနဲ့ ယူကေနိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ အစောပိုင်းလေ့လာမှုတွေအတွင်း လူပေါင်း ၃၀ ကျော်မှာ အဲဒီချစ်ပ်ကို ထည့်သွင်းစမ်းသပ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ အခုထပ်မံပြုလုပ်မယ့် စမ်းသပ်မှုအသစ်မှာတော့ ချစ်ပ်ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ရေရှည်မှာ ဘယ်လောက်အထိ ထိထိရောက်ရောက် အလုပ်လုပ်နိုင်မလဲဆိုတာကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
Ref : Technology Innovation