Eleven Media Group

(၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၅၀ မျိုးမှ ဆုတံဆိပ် ၅၈၁ ခု ပေးအပ်ချီးမြှင့်မည်ဟု ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ် ထုတ်ပြန်

Photo: AFF

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ် (SEAGF) သည် (၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၅၀ မျိုးမှ ဆုတံဆိပ် ၅၈၁ ခု ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်နိုဝင်ဘာ ၂၁ ရက်က အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ် (SEAGF) သည် အားကစားနည်း ၅၀ မျိုးတွင် အမျိုးအစားပေါင်း ၅၆၉ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ယင်းအားကစားနည်း ၅၀ မျိုးကို အုပ်စုသုံးခု ခွဲခြားထားကြောင်း သိရသည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ် (SEAGF) သည် အားကစားနည်း ၅၀ မျိုးအား အုပ်စု(၁) တွင် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲမှ အားကစားနည်းများ၊ အုပ်စု (၂) တွင် ဒေသတွင်းရိုးရာအားကစားနည်းများနှင့် အုပ်စု(၃) တွင် သရုပ်ပြအားကစားနည်းများဟူ၍ သုံးမျိုးခွဲခြားထားခြင်းဖြစ်ကြောင်း သိရသည်။
အုပ်စု(၁) ဖြစ်သည့် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲမှ အားကစားနည်းများတွင် ရေကူး(ဒိုင်ဗင်၊ ၀ါတာပိုလို၊ စည်းချက်ညီရေကူး)၊ ပြေးခုန်ပစ်၊ မြားပစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘော၊ လှေလှော်(ကနူးကယက်)၊ စက်ဘီး၊ မြင်းစီး၊ ဓားရေး၊ Handball၊ ဟော်ကီ၊ ဂျူဒို၊ ရပ်ဘီ၊ ရွက်လှေ၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘောလုံး/ဖူဆယ်၊ ဂေါ့ဖ်၊ ကျွမ်းဘား၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပမ်း၊ ရေခဲပြင်စကိတ်၊ ရေခဲပြင်ဟော်ကီ၊ အလေးမအားကစားနည်းတို့ ပါဝင်ကြောင်း သိရသည်။
အုပ်စု(၂) ဖြစ်သည့် ဒေသတွင်းရိုးရာအားကစားနည်းများတွင် ဘေ့စ်ဘော/ဆော့ဖ်ဘော၊ ဘိလိယက်/စနူကာ၊ လက်ဝှေ့၊ Floorball၊ E-Sports ၊ မွေထိုင်း၊ Netball၊ ပန်ကြပ်ဆီလတ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ စကွပ်ရှ်၊ ဘိုးလင်း၊ ကရာ တေး၊ ဂျူဂျစ်ဆု၊ ဝူရှူး၊ ကာဘာဒီ၊ ကစ်ဘောင်ဆင်၊ စစ်တုရင်၊ Teqball၊ Lawn Bowls အားကစားနည်းတို့ ပါဝင်ကြောင်း သိရသည်။
အုပ်စု(၃) ဖြစ်သည့် သရုပ်ပြအားကစားနည်းများတွင် Frisbee ၊ Tug of War၊ Air Sports အားကစားနည်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့် (၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အုပ်စု(၁) ဖြစ်သည့် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲမှ အားကစားနည်း ၂၇ မျိုး၊ အုပ်စု(၂) ဖြစ်သည့် ဒေသတွင်းရိုးရာအားကစားနည်း ၂၀ မျိုး၊ အုပ်စု (၃) ဖြစ်သည့် သရုပ်ပြအားကစားနည်း ၃ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးအဖွဲ့ချုပ် (SEAGF) သည် အုပ်စု(၁) နှင့် အုပ်စု(၂) မှ အားကစားနည်းများအတွက် ဆုတံဆိပ်စုစုပေါင်း ၅၆၉ ခု၊ အုပ်စု(၃) မှ အားကစားနည်းများအတွက် ဆုတံဆိပ်စုစုပေါင်း ၁၂ ခု ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံရှိ ဘန်ကောက်၊ ချောင်ဘူရီနှင့် ဆောင်ခလာမြို့သုံးမြို့တွင် ကျင်းပမည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group